ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝင်စီးပွားရေးရာဝန်ကြီးဦးတင်အေး ဟင်္သာတ မြို့နယ်အတွင်း ဧရာဝတီမြစ်ရေကျဆင်းမူအခြေအနေများ ကြည့်ရှုစစ်ဆေး

ဟင်္သာတ သြဂုတ် ၂

ဧရာဝတီတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်စီးပွားရေးရာဝန်ကြီး ဦးတင်အေးနှင့်တာဝန်ရှိသူများသည် ယမန်နေ့ နေ့လယ်ပိုင်းကဟင်္သာတမြို့နယ်အတွင်း ဧရာဝတီမြစ်ရေကျဆင်းမူအခြေအနေများအား လိုက်လံကြည့်ရူစစ်ဆေးခဲ့သည်။

 တိုင်းဒေသကြီး ဝန်ကြီးနှင့်တာဝန်ရှိသူများသည် ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်စိုးနှင့်ခရိုင်အဆင့်မြို့နယ်အဆင့် သဘာဝဘေးကော်မတီဝင်များအတူ ဟင်္သာတမြို့နယ်၊ အိပ်ပျက်ကျေးရွာအုပ်စု၊ ဖောင်ဆိပ်ကျေးရွာသို့ သွားရောက်၍ ဧရာဝတီမြစ်ရေကျဆင်းလာမှု အခြေအနေ၊ တာတမံများအခြေအနေများအား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို သက်ဆိုင်ရာဌာနတာဝန်ရှိသူများအား တွေ့ဆုံမှာကြားခဲ့ပြီးနောက် ပျဥ်းမချောင်းရပ်ကွက်ရှိ မဟာဝေရိက္ခယာရာမ တိုက်ကျောင်းတွင် ကိုင်းချောင်းကျေး ရွာအုပ်စုနှင့် အိပ်ပျက်ကျေးရွာ အုပ်စုတို့မှ ရေဘေးသင့်ပြည်သူများအတွက် အလှူရှင်ဦးမြင့်ထွန်းနှင့် ဒေါ်တင်တင်လှိုင်တို့မှ လှူဒါန်းသည့် ထမင်းထုပ် (၁၀၀၀) ဦးစာအား ကျန်းမာရေးနှင့်အညီချက်ပြုတ်ဆောင် ရွက်နေမှုအခြေအနေအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

ဆက်လက်၍ စီးပွားရေးရာဝန်ကြီး ဦးတင်အေးနှင့် တာဝန်ရှိသူများသည် ကုန်းကြီးကျေးရွာအုပ်စုရှိ စုစန္ဒာဆန်စက်တွင် အရံမျိုးစပါးများဖြစ်သော ဆင်းသုခစပါးမျိုး(၄၃၃)အိတ်၊ မှော်ဘီ-၃ စပါးမျိုး(၂၃၃) အိတ်၊ တင်းပေါင်း (၁၀၀၀) တင်း စုဆောင်းထားရှိမှုအခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။

ခရိုင်ပြန်ဆက် (ဟင်္သာတ)