မိုးညိုမြို့နယ်အတွင်းရှိ ရေဘေးရှောင်စခန်းများမှ ပြည်သူများ မိမိနေအိမ်များသို့ ပြန်လည်နေထိုင်လျက်ရှိ

မိုးညို ဩဂုတ် ၂

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အတွင်း ယာယီရေဘေးရှောင်စခန်းများရှိ ပြည်သူများသည် ဧရာဝတီမြစ်ရေကျဆင်း၍ မိမိနေထိုင်ရာနေအိမ်များသို့ ပြန်လည်နေထိုင်လျက်ရှိကြောင်း သိရသည်။

မိုးညိုမြို့နယ်အတွင်း ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ဇူလိုင်လ ၁၄ ရက်မှ ၂၃ ရက်နေ့အတွင်း ယာယီရေဘေးရှောင်စခန်းများသို့ ပြောင်းရွှေ့ခဲ့ရသည့် ကျေးရွာအုပ်စု ၂၈ အုပ်စု၊ ကျေးရွာ ၈၂ ရွာမှ အိမ်ထောင်စု ၃၅၃၉ စု၊ လူဦးရေ ၁၁၄၄၉ ဦးတို့အနက်မှ ဇူလိုင်လ ၃၁ ရက်အထိ ကျေးရွာအုပ်စု ၂၂ အုပ်စု၊ ကျေးရွာ ၆၆ ရွာတို့မှ အိမ်ထောင်စု ၂၆၆၆ စု၊ လူဦးရေ ၈၁၉၅ ဦးတို့သည် မြစ်ရေကျဆင်းခဲ့၍ မိမိတို့နေအိမ်များသို့ ပြန်လည်နေထိုင်လျက်ရှိကြောင်း သိရသည်။

အဆိုပါမြစ်ရေကျဆင်းချိန်တွင် တာတမံများ၊ လမ်း၊ တံတား၊ အဆောက်အဦများ ပျက်စီးမှုမရှိစေရေး ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များနှင့် ပြည်သူများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကိုမင်း (ပြန်/ဆက်)