အထက်မင်းလှ ဩဂုတ် ၂
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်နှင့် တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးထင်အောင်တို့သည် မင်းလှမြို့၌ မူလမြစ်ရေတင် ရေစက်ရုံအမှတ် (၁) ရေစစ်ကန်တည်ဆောက်မည့် မြို့နယ်ခန်းမဝန်းအတွင်းရှိမြေနေရာနှင့် နန္ဒဝန်ပန်းခြံတွင် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများကို ယမန်နေ့ မွန်းတည့် (၁၂)နာရီကကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ စီးပွားရေးရာဝန်ကြီးသည် ရုံးရပ်ကွက် တောင်ပိုင်းရပ်ကွက်ရှိ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၄-၂၀၂၅ ခုဘဏ္ဍာရေးနှစ်တွင်ဆောင်ရွက်မည့်မူလမြစ်ရေတင်ရေစက်ရုံ အမှတ် (၁) ရေစစ်ကန် တည်ဆောက်မည့်မြေနေရာအား ကြည့်ရှူစစ်ဆေးခဲ့ရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ခံ အင်ဂျင်နီယာက မူလမြစ်ရေတင်ရေစက်ရုံအမှတ် (၁) ရေစစ်ကန် တည်ဆောက်မည့်လုပ်ငန်းများအား ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်၍မြောက်ရပ်ကွက်ရှိနန္ဒဝန်ပန်းခြံသစ်အား၂၀၂၄-၂၀၂၅ ခုဘဏ္ဍာနှစ်တွင် ပန်းခြံသစ်အား ပိုမိုသာယာလှပစေရေး ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး ခဲ့ရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ခံအင်ဂျင်နီယာက ပန်းခြံသစ်တွင်ယခုထက် ပိုမိုသာယာလှပရေး ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများအား ရှင်းလင်းတင်ပြရာ ဝန်ကြီးကဆောင်ရွက်မည့် လုပ်ငန်းများအား ဆက်လက်ဆောင်ရွက်သွားရန်လမ်းညွှန်မှာကြားခဲ့သည်။
မင်းလှမြို့၌ မူလမြစ်ရေတင်ရေစက်ရုံအမှတ် (၁) ရေစစ်ကန်ကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၄-၂၀၂၅ခုဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ရေစစ်ကန်တည်ဆောက်မှာဖြစ်ပြီး လုပ်ငန်းဆောင်ရွက်ပြီးပါက ရုံးရပ်ကွက်တောင်ပိုင်း၊ ရုံးရပ်ကွက်မြောက်ပိုင်းနေပြည်သူများ သန့်ရှင်းသော သောက်သုံးရေလုံလောက်စွာရရှိမည်ဖြစ်ကြောင်းနှင့် နန္ဒဝန် ပန်းခြံသစ်အား ယခုထက်ပို၍ သာယာလှပစေရန်အတွက် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများ ဆောင်ရွက်ပြီးပါက ပြည့်စုံလှပသည့် ပန်းခြံသစ်တစ်ခုဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)