သရက်မြို့၌ မိုးနှောင်းချည်မျှင်ရှည်ဝါ တိုးချဲ့စိုက်ပျိုးမည့်တောင်သူများအား မျိုးစေ့ထောက်ပံ့ပေးအပ်ခြင်းနှင့် Grade A အဆင့်မီဝါဂွမ်းရရှိရေး၊ F2 ဝါမျိုးစေ့များ ထုတ်လုပ်ရောင်းချမှုမရှိစေရေး ပညာပေးဆွေးနွေးပွဲ ကျင်းပ

သရက် ဩဂုတ် ၂

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးနှောင်းချည်မျှင်ရှည်ဝါ တိုးချဲ့စိုက်ပျိုးမည့် တောင်သူများအား မျိုးစေ့ထောက်ပံ့ပေးအပ်ခြင်းနှင့် Grade A အဆင့်မီဝါဂွမ်းရရှိရေး၊ F2 ဝါမျိုးစေ့များ ထုတ်လုပ်ရောင်းချမှုမရှိစေရေး ပညာပေးဆွေးနွေးပွဲအခမ်းအနားကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ယနေ့နံနက် ၁၁ နာရီက ကျင်းပခဲ့ရာ သရက်မြို့နယ်အတွင်းမှ ဝါကြိတ်လုပ်ငန်းရှင်များ၊ ပွဲရုံလုပ်ငန်းရှင်များ၊ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးအရောင်းဆိုင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဝါစိုက်တောင်သူများ တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် သရက်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂)ဦးစိုးလှမြင့်က အဖွင့်အမှာစကားပြောကြားရာတွင် ပြည်တွင်းချည်မျှင်နှင့် အထည်စက်ရုံများအတွက် လိုအပ်သော Grade A ဝါများရရှိရေးနှင့် ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချနိုင်ရေးအတွက် ဝါစိုက်တောင်သူများ၊ ဝါဝယ်ယူလုပ်ကိုင်သူ များ၊ ဝါဝယ်ယူရောင်းချသူများသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သူများဖြစ်ပါကြောင်း၊ ခရိုင်စိုက်ပျိုးရေးဦးစီးမှူးမှ Grade A ရရှိဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးသွားမည်ဖြစ်ပါ ကြောင်း၊ Grade A ဝါရရှိရေးအတွက် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များနှင့် သက်ဆိုင်ရာဌာနများမှ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားပြီး ဝါစိုက်တောင်သူများအား အဖွဲ့ဝင်(၂)နှင့် တာဝန်ရှိသူများက ဝါမျိုးစေ့များထောက်ပံ့ပေးအပ်ခဲ့သည်။

ဆက်လက်၍ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးမြင့်စိုးမှ Grade A အဆင့်မီဝါဂွမ်းရရှိရေး ဆောင်ရွက်ရမည့်အခြေအနေများအား ရှင်းလင်းပြီး တက်ရောက်လာကြသော ဝါကြိတ်လုပ်ငန်းရှင်၊ ဝါဝယ်လုပ်ငန်းရှင်နှင့် ဝါစိုက်တောင်သူများ၏ ဆွေးနွေးမှုများအား ပြန်လည်ရှင်းလင်းခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)