ပေါင်းတည်၌ လယ်ယာထုတ်ကုန်မြင့်မားရေး တောင်သူအသိပညာပေး ဆွေးနွေး

ပေါင်းတည် သြဂုတ် ၂

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ လယ်ယာထုတ်ကုန်မြင့်မားတိုးတက်ရေးအတွက် တောင်သူအသိပညာပေး ဆွေးနွေးဟောပြောပွဲကို ဇူလိုင်လ ၃၁ ရက် နံနက် ၁၀နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နဝရတ်ခန်းမတွင် ကျင်းပပြုလုပ်သည်။ အဆိုပါဆွေးနွေးပွဲသို့ ရပ်ရွာအုပ်ချုပ်ရေးအဖွဲ့များ၊ ကျေးရွာအုပ်စု ၆၄ အုပ်စုမှ တောင်သူကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ဦးစွာ မြို့နယ်စိုက်ပျိုးမှုကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင် တက်ရောက်အဖွင့်အမှာစကားပြောကြားရာ၌ မြို့နယ်အနေဖြင့် ရေကြီးရေလျှံမှုမရှိခြင်းကြောင့် စိုက်ပျိုးခင်းများ ဖြစ်ထွန်းလျက်ရှိပြီး ဒေသတွင်း လိုအပ်ချက်အတွက် ဖြည့်ဆည်းပံ့ပိုးနိုင်ရန် စိုက်ပျိုးထုတ်လုပ်မှုကို ပိုမိုကြိုးပမ်းအားထုတ်စေလိုကြောင်း တောင်သူများအား တိုက်တွန်းပြော​ကြားခဲ့သည်။

ဆက်လက်၍ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးညီညီအောင်က စိုက်ပျိုးရေကို အကျိုးရှိစွာအသုံးချမှုနည်းလမ်းများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်မျိုးမင်းက မျိုးမှန်၊ မြေမှန်၊ စိုက်နည်းစနစ်မှန်ကန်စွာ စိုက်ပျိုးနိုင်ရေး၊ တောင်သူများအား ခေတ်နှင့်အညီ စိုက်ပျိုးထုတ်လုပ်ရေးနှင့် မြေပြုပြင်ရန် သဘာဝမြေသြဇာ အချိုးကျထည့်သွင်းရေး၊ ဓာတ်မြေသြဇာသုံးစွဲရာတွင် အရည်အသွေးမှီ၍ ခွင့်ပြုချက်ရရှိထားမှုရှိ/မရှိ စမ်းစစ်သုံးစွဲရေးတို့ကို အကြံပြုဆွေးနွေးပြီး မြေစာရင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးမျိုးမင်းမောင်က မိုးရာသီစိုက်ပျိုးသီးနှံများကို ကျေးရွာအုပ်စု စိုက်ပျိုးကွင်းအသီးသီး၌ စိုက်ပျိုးထားရှိမှုအခြေအနေများကို တင်ပြဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ရွှေသား (ပြန်/ဆက်)