မြို့သစ်မြို့တွင် ငရုတ်သီးစိမ်းစျေးနှုန်းများ စျေးကောင်းရ၍ စိုက်ပျိုးသူများပြား

မြို့သစ် သြဂုတ် ၂

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားပြီး လုပ်ကိုင်ကြပြီး မြို့နယ်အတွင်းမှ တောင်သူများသည် စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ငရုတ်ပင်ကို အဓိကထား စိုက်ပျိုးခဲ့ရာ ငရုတ်သီးဈေးများ စျေးကောင်းရ၍ စိုက်ပျိုးသူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

"ငရုတ်သီးစိမ်းက မီးဖိုချောင်သုံး စားစရာရောင်းကုန်အဖြစ်နဲ့ အဓိကရောင်းချရတာပါ။ စောစောပိုင်းက ငရုတ်သီးစိမ်းဈေး ၃၀၀၀ ကျပ် ဈေးကနေ တဖြည်းဖြည်းတက်လာကာ တစ်ပိဿာ ၄၀၀၀ ကျပ်ဈေးအထိ မြင့်တက်လာခဲ့တာကြောင့် ငရုတ်စိုက်တောင်သူတွေ အတော်အဆင်ပြေခဲ့ပါတယ်။ အခု ရာသီအကူးအပြောင်း ငရုတ်သီးများပေါ်ချိန်မှာ ယခင်နှစ်က ဈေးအတိုင်း တစ်ပိဿာ ၁၆၀၀ ကျပ် အထိ ဈေးကျသွားခြင်းမရှိသေးသည့်အတွက် ငရုတ်စိုက်ပျိုးကြတဲ့ ကျွန်တော်တို့တောင်သူတွေအနေနဲ့  အစွမ်းကုန်ကြိုးစားရောင်းချနေကြရပါတယ်"ဟု ငရုတ်စိုက်တောင်သူတစ်ဦးက ပြောကြားခဲ့သည်။

မြို့သစ်မြို့နယ်ရှိ ကျေးရွာများအနက် မြင်သာကျေးရွာ၊ ရေကြည်ပင်ကျေးရွာ၊ ဆင်ဖြူချီကျေးရွာ၊ မြေခြားကျေးရွာတို့တွင် ငရုတ်သီးပင်ကို အဓိကထား စိုက်ပျိုးသည့်ဒေသဖြစ်ပြီး ငရုတ်ပင်ကို နွေ၊ မိုး၊ ဆောင်း အမျိုးမျိုး စိုက်ပျိုးလာကာ ယခုမြို့သစ်မြို့ ငရုတ်သီးဈေးကွက်မှာ တစ်ပိဿာလျှင် ၄၀၀၀ ကျပ် ရောင်းချနေရကြောင်း စိုက်ပျိုးလုပ်ကိုင်သူများ ဦးထွန်းမြင့်ထံမှ သိရသည်။

ကိုဇော် (ပြန်/ဆက်)