မုံရွာ ဩဂုတ် ၂
၂၀၂၄-ခုနှစ်၊ ပဉ္စမအကြိမ်၊ အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးနှင့်အောင်နိုင်ရေး ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ဇူလိုင်လ ၃၁ ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပ ရာအစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှူးများ၊ အားကစားနှင့်ကာယပညာသိပ္ပံ (မုံရွာ) မှ ကျောင်းအုပ်ကြီးနှင့်နည်းပြများ၊ အားကစားနည်းအလိုက် တာဝန်ခံများနှင့်အုပ်ချုပ်နည်းပြများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီးအနေဖြင့် ၂၀၂၄-ခုနှစ်၊ ပဉ္စမအကြိမ်၊ အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲများသို့ အားကစားနည်း ၂၁ နည်းအား အားကစားသမား ၃၇၁ ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ပါကြောင်း၊ တိုင်းဒေသ ကြီးကိုယ်စားပြု ပြိုင်ပွဲဝင်အားကစားသမားများအနေဖြင့် မိမိတို့ယှဉ်ပြိုင်ရမည့် အားကစားနည်း များအလိုက် တိုင်းဒေသကြီးနှင့်ပြည်နယ်များ၏ ယခင်တင်ထားသည့် ပြိုင်ပွဲများ၏စံချိန်များကို ချိုးနိင်သည်အထိ ယှဉ်ပြိုင်အနိုင်ရရှိရေးအား ရည်မှန်းချက်ထားကာ ကြိုးပမ်းလေ့ကျင့်ယှဉ်ပြိုင်သွားကြရန် လိုအပ်ပါကြောင်း၊ တာဝန်ရှိသူများအနေဖြင့် မိမိတို့လုပ်ဆောင်ရမည့် လုပ်ငန်းများအပေါ် စိတ်ပါဝင်စားစွာအာရုံစူးစိုက်ပြီး အောင်မြင်မှုများရရှိအောင် တစိုက်မတ်မတ် ဆောင်ရွက်သွားကြရန်လိုအပ်ပါကြောင်း၊ အားကစားသမားများအား စခန်းသွင်းလေ့ကျင့်ရာတွင်လည်း စိတ်ဓာတ်စည်းကမ်းကောင်းမွန်ပြီး အမှန်တကယ် အရည်အချင်းရှိသူများကိုသာ စိစစ်ရွေးချယ်ကြရန် လိုအပ်ပါကြောင်း၊
ပြိုင်ပွဲများတွင် ဆုတံဆိပ်များရရှိအောင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အားကစားသမားများ၏ လေ့ကျင့်ရေး၊ စားသောက်နေထိုင်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက်များအား မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများအားလုံးက လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးသွားမည်ဖြစ်သည့်အတွက် ပြိုင်ပွဲတိုင်းတွင် အောင်မြင်မှုများရရှိရေးကိုသာ တာဝန်ရှိသူများနှင့်အားကစားသမားများက အစွမ်းကုန် ကြိုးစားသွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ဇော်လွင်က ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ်၊ အမျိုးသားအားကစားပွဲတော်အား ကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ကြိုတင်စီစဉ်ဆောင်ရွက်ထားရှိမှုများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများအား ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာသိပ္ပံ (မုံရွာ) တို့မှ အားကစားနည်းအလိုက် တာဝန်ခံများ၊ နည်းပြ/အုပ်ချုပ်သူများက မိမိတို့တာဝန်ယူဆောင်ရွက်နေသည့် အားကစားနည်းများအလိုက် စခန်းသွင်းစုဖွဲ့လေ့ကျင့်နေမှုများနှင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားမည့် အခြေအနေများအား အသီးသီးရှင်းလင်းဆွေးနွေး တင်ပြကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး၊ အောင်နိုင်ရေးလုပ်ငန်းများနှင့် ပတ်သတ်၍ လိုအပ်သည်များကို အသီးသီး ဆွေးနွေးတင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)