ပွင့်ဖြူမြို့နယ်၌ မိုးသီးနှံ ပဲတီစိမ်း ၁၈၀၁ ဧက သိမ်းဆည်းခြွေလှေ့ပြီးစီး

ပွင့်ဖြူ ဩဂုတ် ၂

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သည့် ပဲတီစိမ်းသီးနှံ စိုက်ခင်းများမှာ သိမ်းဆည်းခြွေလှေ့ချိန်ရောက်ရှိပြီဖြစ်၍ ဒေသခံတောင်သူများက နေ့စားအလုပ်သမားများငှားရမ်း၍ ဇွန်လ စတုတ္ထပတ်က စတင်သိမ်းဆည်းခြွေလှေ့လျက်ရှိရာ ယနေ့အထိ (၁၈၀၁) ဧက သိမ်းဆည်းခြွေလှေ့ပြီးစီးသွားပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် နှစ်စဉ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်း စားနပ်ရိက္ခာဖူလုံစေရန်နှင့် သီးနှံဝင်ငွေတိုးပွားစေရန်အတွက်  ပဲတီစိမ်း၊ ပဲစင်းငုံ၊ ပဲကြီးသီးနှံနှင့် အခြား ပဲမျိုးစုံသီးနှံများကို အားထားစိုက်ပျိုးကြကြောင်း သိရသည်။ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ပဲတီစိမ်းသီးနှံစိုက်ပျိုးခြင်းကို ၆၂၈၃ ဧက လျာထား စိုက်ပျိုးခဲ့ရာ မြေပြင်စိုက်ပျိုးပြီးစီးမှု ၂၅၆၃ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး စိုက်ပျိုးရေးအဆင်ပြေမှုကြောင့် သီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

"ပွင့်ဖြူမြို့နယ်မှာ ဒီနှစ် မိုးရာသီကဆောလျင်စွာစိုက်ပျိုးခဲ့တဲ့ ပဲတီစိမ်းသီးနှံစိုက်ခင်းတွေဟာ သိမ်းဆည်းခြွေလှေ့ချိန် ရောက်ရှိလာပြီဖြစ်လို့ တောင်သူတွေက ဇွန်လ စတုတ္ထပတ်ကစပြီး သိမ်းဆည်းခြွေလှေ့‌နေကြပါတယ်။ ဒီနေ့ထိ ပဲတီစိမ်းစိုက်ဧက ၁၈၀၁ ဧက သိမ်းဆည်းပြီးစီးသွားပြီ ဖြစ်ပါတယ်။ သီးနှံအထွက်နှုန်းက တစ်ဧကကို (၁၉ ဒသမ ၃၅)တင်း ထွက်ရှိပါတယ်။ သီးနှံသိမ်းဆည်းရာတွင် အထွက်နှုန်းလျော့နည်းမှု မဖြစ်စေရေးအတွက် စနစ်တကျသိမ်းဆည်းနိုင်ဖို့ ဒေသခံတောင်သူတွေကို သီးနှံရိတ်သိမ်းခြွေလှေ့နည်းပညာတွေ ပံ့ပိုးကူညီဆောင်ရွက်ပေးနေပါတယ်"ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဒေါ်မိုးမိုးဝေက ပြောပြသည်။

ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ဒေသခံတောင်သူများ သီးနှံအထွက်နှုန်းတိုးတက်ကောင်းမွန်စေရန် မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးနိုင်ရေး၊ စိုက်နည်းစနစ်မှန်ကန်စေရေး၊ ပိုးမွှားရောဂါကြိုတင်ကာကွယ်ရေးနှင့် သဘာဝမြေဩဇာ၊ သဘာဝပိုးသတ်ဆေး ပြုလုပ်သုံးစွဲရေးစသည့် တောင်သူပညာပေးလုပ်ငန်းများကို ကူညီဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။  

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )