ကျောင်းကုန်း ဩဂုတ် ၁
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ကျောင်းကုန်းမြို့၌ မိုးသည်းထန်စွာရွာသွန်းမှုနှင့် ဒါးကမြစ်ရေမြင့်တက်မှုကြောင့် ရေဘေးရှောင်ပြည်သူများအား ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းမှုဖြင့် ယမန်နေ့ နေ့လယ်ပိုင်းက ရေဘေးကယ်ဆယ်ရေးစခန်းများသို့ နေ့လယ်စာကျွေးမွေးလှူဒါန်းခဲ့သည်။
ရှေးဦးစွာ ရတနာပုံရေဘေးကယ်ဆယ်ရေးစခန်းတွင် ပြောင်းရွှေ့နေထိုင်သော အိမ်ထောင်စုဝင်မိသားစုများအား ထမင်း၊ ကြက်သားဟင်းနှင့် ငါးငံပြာရည်ကြော်၊ (မြို့မ) ကျောင်းဟောင်း ရေဘေးကယ်ဆယ်ရေးစ ခန်းတွင်ပြောင်းရွှေ့နေထိုင်သော အိမ်ထောင်စုဝင်မိသားစုများအားထမင်းနှင့် ဘဲဥဟင်းတို့ဖြင့်လည်းကောင်း နေ့လယ်စာလှူဒါန်းခဲ့ရာ ကျုံပျော်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်နိုင်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးဝင်းနှင့်အဖွဲ့ဝင်များ၊မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌဒေါ် ယဥ်ယဥ်မြင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တို့မှ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ဝင်းကြိုင် (ပြန်/ဆက်)