နတ်မောက် ဩဂုတ် ၂
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားစေရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆိုင်ကယ်ပြင်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၉:၃၀)နာရီအချိန်က မရိုးတောကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း အဆိုပါဌာနမှ သိရသည်။
ရှေးဦးစွာ မကွေးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်ဆန်းဌေးမှ အဖွင့်အမှာစကားပြောကြားခြင်း၊ နတ်မောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင်မှ လုပ်ငန်းလမ်းညွှန်အမှာစကားပြောကြားခြင်း၊ နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်ဦးမှ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ သင်တန်းနည်းပြ ဆရာ ဦးဇူလိုင်ကိုကိုမှ သင်တန်းတွင်ပို့ချမည့် ဘာသာရပ်များအား ရှင်းလင်းပြောကြားသည်။ ထို့နောက် တာဝန်ရှိသူများက သင်တန်းတွင်အသုံးပြုမည့် သင်ထောက်ကူပစ္စည်းများကို သင်တန်းသားများထံ ပံ့ပိုးပေးအပ်ခဲ့သည်။
အဆိုပါသင်တန်းတွင် မရိုးတောကျေးရွာမှ သင်တန်းသား ၂၀ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ဩဂုတ်လ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကျွမ်းကျင်သင်တန်းနည်းပြများက စာတွေ့၊ လက်တွေ့(အခမဲ့) သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။
မူမူစန်း