စလင်း သြဂုတ် ၂
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် အခြေခံပညာကျောင်းများ မြစ်ရေဝင်ရောက်မှုကြောင့် စာသင်ကျောင်း (၃၄) ကျောင်းအား ယာယီပိတ်ထားခဲ့ရာမှ အခြေခံပညာကျောင်း (၁၅) ကျောင်းအား ယမန်နေ့ နံနက်ပိုင်းတွင် ပြန်လည်ဖွင့်လှစ်နိုင်ခဲ့၍ ကျောင်းသား၊ ကျောင်းသူကလေးငယ်များ ဆက်လက် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
စလင်းမြို့နယ်တွင် ဧရာဝတီမြစ်ကမ်းပါးနှင့် ထိစပ်သည့်ကျေးရွာများနှင့် မြေနိမ့်ပိုင်းကျေးရွာများမှ အခြေခံပညာကျောင်းပေါင်း (၃၄) ကျောင်းကို ဇူလိုင်လ (၁၅) ရက်နေ့မှ စတင်ကာ ယာယီပိတ်ထားခဲ့ရာ ယခုအခါ ထပ်မံ၍ ဧရာဝတီမြစ်ရေပြန်လည်ကျဆင်းသွားသဖြင့် အခြေခံပညာကျောင်းများဖြစ်သည့် မူလွန်ရေနား၊ မူလွန်ကြူတော၊ အ.မ.က ညောင်ငုတ်တို၊ အ.မ.က အရှေ့သစ်ကိုက်၊ အ.မ.က အနောက်သစ်ကိုက်၊ အ.မ.က ဇီးကုန်း၊ အ.မ.က ပေါက်လေးပင်ကျောင်များကို ယနေ့နံနက်ပိုင်းတွင် ဖွင့်လှစ်သင်ကြားနိုင်ခဲ့သည်၊ ဇူလိုင်လ (၃၁) ရက်နေ့က စာသင်ကျောင်း (၈) ကျောင်း ဖွင့်လှစ်သင်ကြားခဲ့ပြီး သြဂုတ်လ (၁) ရက်နေ့အထိ (၃၄) ကျောင်းအား ယာယီပိတ်ထားရာမှ အခြေခံပညာကျောင်းပေါင်း (၁၅) ကျောင်းကို ပြန်လည်ဖွင့်လှစ်သင်ကြားနိုင်ခဲ့သည်၊ ကျောင်းများအား ပြန်လည်ဖွင့်လှစ်သင်ကြားနိုင်စေရန် ကျေးရွာအုပ်ချုပ်ရေးမှူးများ ဆရာ၊ ဆရာမများနှင့် ကျောင်းကော်မတီဝင်များ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားမိဘများ၊ ကျောင်းသား၊ ကျောင်းသူများက ဧရာဝတီမြစ်ရေကြီးမှုကြောင့် တင်ကျန်ရစ်သည့် ရွှံ့နွန်များ၊ အမှိုက်သရိုက်များအား ရေစုပ်စက်များဖြင့် ဆေးကြောရှင်းလင်းခြင်းများကို ဆရာမိဘကျေးရွာလူထုပူးပေါင်း၍ ရှင်းလင်းခဲ့ပြီး သြဂုတ်လ (၁) ရက်နေ့တွင် ကျောင်းသင်္ခန်းစာများကို ဆက်လက်ပညာသင်ကြားပေးလျက်ရှိပြီး ကျန်ရှိနေသေးသည့် အခြေခံပညာစာသင်ကျောင်းများ ဖွင့်လှစ်နိုင်ရန်အတွက် နုန်းနှင့်အမှိုက်သရိုက်များကို ရှင်းလင်းလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
(မောင်လွင်)စလင်း