ပုသိမ်မြို့၌ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၈)ခရိုင် အသက်(၂၅)နှစ် အောက် အမျိုးသမီးဖူဆယ် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ပုသိမ် ဩဂုတ် ၁

၂၀၂၄ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၈)ခရိုင် အသက်(၂၅)နှစ်အောက် အမျိုးသမီးဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယ‌မန်နေ့ ညနေပိုင်းက ပုသိမ်မြို့၊ ကိုးသိန်းအားကစားခန်းမတွင် ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အသင်းများနှင့် အားကစားဝါသနာရှင်ပြည်သူများ တက်ရောက်အားပေး ကြည့်ရှုခဲ့ကြသည်။

ဗိုလ်လုပွဲတွင် ပုသိမ်ခရိုင် ဘောလုံးအသင်းနှင့် မြန်အောင်ခရိုင် ဘောလုံးအသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ရာ ပုသိမ်ခရိုင်အသင်းက မြန်အောင်ခရိုင်အသင်းကို ခုနှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။ ယင်းနောက် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ပြုလုပ်ရာ ဆုရရှိသည့် ခရိုင်အသင်းများမှ အားကစားသမားများက နေရာယူကြပြီးနောက် ဒုတိယဆုရရှိသည့် မြန်အောင်ခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုကို တိုင်းဒေသကြီး ဥပဒေချုပ်ကလည်းကောင်း၊ ပထမဆုရရှိသည့် ပုသိမ်ခရိုင်အသင်းမှ အားကစားသမားများနှင့် အကောင်းဆုံး ကစားသမားဆုရရှိသူအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုကို တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီးကလည်းကောင်း၊ ပထမဆုရရှိသည့် ပုသိမ်ခရိုင်အသင်းအား ငွေသားဆုနှင့် ဆုဖလားကို တိုင်းဒေသကြီး ဝန်ကြီးချုပ်ကလည်းကောင်း ဆုများချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)