ဖြူးချောင်းရေလှောင်တမံ ရေဝင်ရောက်မှုအခြေအနေနှင့် တမံနှင့်ဆက်စပ်အဆောက်အအုံများ၏ ကြံ့ခိုင်မှုကို စစ်ဆေးဆောင်ရွက်

ဖြူး    ဩဂုတ်  ၂

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြိုနယ်အတွင်း ရေသောက်ဧရိယာဧက(၉၀၀၀၀)ကို ရေပေးဝေနိုင်ရန်၊ မိုးရာသီကာလတွင် စစ်တောင်းမြစ်ဝှမ်း‌ ရေကြီးနှစ်မြုပ်မှုကိုကာကွယ်ရန်နှင့် ရေအားလျှပ်စစ် နှစ်စဉ်ကီလိုဝပ်နာရီ သန်း(၁၂၀)ထုတ်လုပ်ရန် တည်ဆောက်ထားသည့်  ဖြူးချောင်းရေလှောင်တမံသည် လက်ရှိအခြေအနေတွင် ကန်တွင်းရေအမှတ် R.L (434.70) ပေသို့ရောက်ရှိနေပြီး ကန်တွင်းရေလှောင်ပမာဏမှာ (၃၃၆၂၃၀) ဧကပေရှိပြီး အရေးပေါ်အခြေအနေကြိုတင်စီမံခန့်ခွဲမှု (Emergency Preparedness Plan) အရ မိုးတွင်းကာလတစ်​လျှောက်လုံး ရေလှောင်တမံ၊ ရေပိုလွှဲနှင့်ဆက်စပ်အဆောက်အအုံများအားလုံး ကြံ့ခိုင်ကောင်းမွန်မှု ရှိ/မရှိ စစ်ဆေးခြင်းများ၊ (၂၄) နာရီပတ်လုံး ရေကင်းတာဝန်ချထားခြင်းများကို ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ တည်ဆောက်ရေး (၁)၊ လက်ထောက်ညွှန်ကြားရေးမှူး (၄)ရုံးမှ  အရာထမ်း၊ အမှုထမ်းများက ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဖြူးချောင်းရေလှောင်တမံသည် ကန်ရေပြည့်သိုလှောင်နိုင်သည့်ပမာဏမှာ (၆၃၂၅၃၀) ဧကပေ ဖြစ်သဖြင့် ကန်ရေပြည့်ရန်အတွက် မိုးကာလအတွင်း  ဖြူးချောင်းအတွင်းမှ နောက်ထပ်စီးဝင်လာမည့် ရေပမာဏ (၂၉၆၃၀၀) ဧကပေကို ထပ်မံစုဆောင်းသိုလှောင်သွားမည်ဖြစ်ကြောင်း၊ ကန်ရေပြည့်မှတ်မှာ R.L (460.0) ပေဖြစ်သဖြင့် ကန်ရေပြည့်ရန်အတွက် ရေအနက်(၂၅.၃ပေ) ကို ထပ်မံသိုလှောင်ခြင်းဖြင့် စစ်တောင်းမြစ်ဝှမ်း ရေကြီးနှစ်မြှုပ်မှုကို ကာကွယ်ပေးလျက်ရှိသည်။

အဆိုပါ ဖြူးချောင်းရေလှောင်တမံနှင့် ဖြူးချောင်းရေပိုလွှဲသည် ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် (၁၁၅) မိုင် လမ်းမကြီးအနောက်ဘက်တွင်တည်ရှိပြီး (၈-၁-၂၀၁၅)ရက်နေ့တွင် ဖွင့်လှစ်ကာ ဆည်ရေသောက်ဧရိယာဧက (၉၀၀၀၀) အနက် (၁၇၃၈၉) ဧကကို ယမန်နှစ်များက ရေပေးဝေနိုင်ခဲ့ကြောင်း သိရသည်။ ယခုကာလတွင် မိုးရွာသွန်းမှုကြောင့် ရေလှောင်တမံရှိ တမံအားထိခိုက်မှုမရှိစေရေး ကန်အတွင်းရေဝင်ရောက်မှုအခြေအနေ၊ ကန်ရေအမှတ်တိုးတက်လာမှုအခြေအနေများကို စောင့်ကြည့်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဖြူးချောင်းရေလှောင်တမံ ရေပိုလွှဲမှ ယခင်ရေကျော်ခဲ့မှုအခြေအနေများမှာ ၂၀၁၈-ခုနှစ်တွင် ရေပိုလွှဲမှ (၄.၈) ပေ၊ ရေကျော်ရက် (၁၀၁)ရက်၊ ၂၀၁၉ခုနှစ်တွင် ရေပိုလွှဲမှ (၅.၈၃) ပေ၊ ရေကျော်ရက် (၈၀) ရက်ထိ အမြင့်ဆုံးရောက်ရှိခဲ့ပြီး၊ ထိခိုက်မှုတစ်စုံတစ်ရာမရှိကြောင်း  ယခုကာလ၌ ကန်အတွင်းရေဝင်ရောက်မှုမှာ စိုးရိမ်ဖွယ်မရှိကြောင်း၊ ဖြူးချောင်းရေအားလျှပ်စစ်စက်ရုံမှလည်း (၂၀) မီဂါဝပ်၊ စက် (၂) လုံးဖြင့် (၂၄) နာရီ ပုံမှန်လည်ပတ်လျက်ရှိကြောင်း ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ တာဝန်ရှိသူများထံမှ သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)