လိပ်သို ဩဂုတ် ၁
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာပေးလုပ် ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ် စာစောင်ပြသခြင်းကို အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းမှ တာဝန်ခံကျောင်းအုပ် ဆရာမဒေါ်ဒိုနီးရှာက အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က အသိပညာပေးဟောပြောပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များ၊ ကျောင်းသား/ကျောင်းသူများ မိမိတို့အတွက် အသိအလိမ္မာတိုးပွားစေနိုင်သောစာအုပ်စာပေများကို အစဉ်အမြဲဘ၀၏ လက်တွဲဖော်မိတ်ဆွေများအဖြစ်မှတ်ယူ၍ စာဖတ်ကြရမှာဖြစ်ကြောင်း၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတအသိပညာများတိုးပွားရရှိစေရန် စာအုပ်စာပေများ လေ့လာဖတ်ရှုနိုင်ရေးနှင့်စပ်လျဉ်း၍ ပညာပေးပြောကြားခဲ့သည်။
ဆက်လက်၍ ဟောပြောပွဲအပြီးတွင် သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်အား ပြသခဲ့ရာ ကျောင်းသား/ကျောင်းသူများက လေ့လာကြည့်ရှု မှတ်သား၍ သိလိုသည်များအား မေးမြန်းခဲ့ကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)