ပိုင်ကျုံ ဩဂုတ် ၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးနိမ့်မြုပ်မှုကြောင့် ပျက်စီးသည့် နောင်ခွီးကျေးရွာအုပ်စုအတွင်းရှိ နောင်ဘိုတိုက်ကျောင်းနှင့်ကော့ထရောင်းကျေးရွာ ဆက်သွယ်ထားသည့် ကျောက်ချောမြေသားလမ်းအား ဇူလိုင်လ ၂၉ ရက်နေ့က ဒေသခံပြည်သူများ စုပေါင်းကာ ပြန်လည်ပြင်ဆင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါလမ်းသည် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှတာဝန်ယူ ဖောက်လုပ်သည့်လမ်းဖြစ်ပြီး ရေကြီးနိမ့်မြုပ်မှုကြောင့် ပျက်စီးသည့်နေရာများ၌ ခရီးသွားပြည်သူများ ဖြတ်သွားလာနိုင်ရေးအတွက် ကျောက်ရောမြေများ ပြန်လည်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယင်းလုပ်ငန်းများဆောင်ရာတွင် နောင်မြလွဲကျောင်းထိုင်ဆရာတော်၏ဦးဆောင်မှုဖြင့် ဒေသနေပြည်သူများစုပေါင်း၍ ဝိုင်းဝန်းဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါလမ်းတွင် ရေကြီးနိမ့်မြုပ်ပြီး ရေတိုက်စားမှုကြောင့် (၁) မိုင်ခန့်ပျက်စီးလျက်ရှိကြောင်း သိရသည်။
နော်ခူး (ပြန်/ဆက်)