ဘားအံ ဩဂုတ် ၁
ကရင်ပြည်နယ်အတွင်း ရေကြီးရေလျှံမှုဖြစ်စဉ်များကြောင့် ယာယီရေဘေးကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်၍ ရေဘေးသင့်ပြည်သူများအား ပြောင်းရွှေ့နေရာချထားပေးခဲ့ရရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ဘားအံမြို့ပေါ် ကယ်ဆယ်ရေးစခန်းများရှိ ရေဘေးသင့်ပြည်သူများအား ဆန်၊ ဆီ အစရှိသော စားသောက်ကုန်များနှင့် ဆန်ရိက္ခာဖိုးငွေများ ထောက်ပံ့ပေးအပ်ခဲ့သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ အမှတ်(၆)ရပ်ကွက်ရှိ အမှတ်(၇)အခြေခံပညာမူလတန်းကျောင်း ရေဘေးကယ်ဆယ်ရေးစခန်းတွင် ယာယီပြောင်းရွှေ့နေထိုင်သော အိမ်ထောင်စုများနှင့်သွားရောက်တွေ့ဆုံ၍ ပြည်နယ်ဝန်ကြီးချုပ်က ကယ်ဆယ်ရေးစခန်းတွင် နေထိုင်စဉ်ကာလအတွင်း တစ်ကိုယ်ရေသန့်ရှင်းရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များကို အထူးအလေးထားနေထိုင်ကြစေလိုပြီး တစ်ဦးနှင့်တစ်ဦးချစ်ခင် ရင်းနှီးစွာဖြင့် စည်စည်းလုံးလုံး နေထိုင်သွားကြစေလိုကြောင်း၊ လိုအပ်သည့်ကူညီထောက်ပံ့မှုများကို ပြည်နယ်အစိုးရအဖွဲ့နှင့် တာဝန်ရှိသူများ၊ စေတနာရှင်အလှူရှင်များက ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး အခက်အခဲနှင့် လိုအပ်ချက်များရှိပါက ရင်းနှီးပွင့်လင်းစွာ တင်ပြဆွေးနွေးနိုင်ပါကြောင်း အားပေးစကားများ ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက အဆိုပါကယ်ဆယ်ရေးစခန်းရှိ အိမ်ထောင်စု ၅၅ စု၊ လူဦးရေ ၂၄၈ ဦးတို့အား ကရင်ပြည်နယ်အစိုးရအဖွဲ့မှထောက်ပံ့သော ဆန်၊ ဆီ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက် အစရှိသော စားသောက်ကုန်ပစ္စည်းများနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သော ဆန်ရိက္ခာဖိုးငွေ ၅၂၀၈၀ဝိ/-(ငါးသိန်းနှစ်သောင်းရှစ်ရာ) ကျပ်တို့ကို ထောက်ပံ့ပေးအပ်သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမှတ်(၁၀)အခြေခံပညာပညာမူလတန်းလွန်ကျောင်း ရေဘေးကယ်ဆယ်ရေးစခန်းတွင် ယာယီပြောင်းရွှေ့နေထိုင်သော အိမ်ထောင်စု ၆၀ စု၊ လူဦးရေ ၂၃၀ ဦးတို့နှင့် တွေ့ဆုံ အားပေးစကားပြောကြားပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သော ဆန်၊ ဆီ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက် အစရှိသော စားသောက်ကုန်ပစ္စည်းများနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သော ဆန်ရိက္ခာဖိုးငွေ ၄၈၃၀၀ဝိ/-(လေးသိန်းရှစ်သောင်းသုံးထောင်) ကျပ်တို့ကို ထောက်ပံ့ပေးအပ်သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အဆိုပါမူလတန်းလွန်ကျောင်းတွင် ၉၀ ပေ x ၃၀ ပေ Steel Structure တစ်ထပ်ကျောင်းဆောင်သစ် တည်ဆောက်ရေးလုပ်ငန်းခွင်အား ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်စံချိန်စံနှုန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် တာဝန်ရှိသူများအား မှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ရေဘေးကယ်ဆယ်ရေးစခန်းတွင် ယာယီပြောင်းရွှေ့နေထိုင်သော အိမ်ထောင်စု ၁၂၅ စု၊ လူဦးရေ ၅၆၃ ဦး တို့အား သွားရောက်တွေ့ဆုံအားပေးစကား ပြောကြားပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သော ဆန်၊ ဆီ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက် အစရှိသော စားသောက်ကုန်ပစ္စည်းများ၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သော ဆန်ရိက္ခာဖိုးငွေ ၁၁၈၂၃၀ဝိ/-(တစ်ဆယ့်တစ်သိန်းရှစ်သောင်းနှစ်ထောင်သုံးရာ) ကျပ်နှင့် Save The Children မှ လူသုံးကုန်ပစ္စည်းများကို ထောက်ပံ့ပေးအပ်သည်။
ကရင်ပြည်နယ် မြဝတီမြို့တွင် သောင်းရင်းမြစ်ရေပြန်လည်ကျဆင်း၍ ရေဘေးစခန်းများ ပြန်လည်ပိတ်သိမ်းခဲ့ပြီး ပြည်နယ်အတွင်း ရေကြီးရေလျှံမှုကြောင့် ဩဂုတ်လ ၁ ရက်နေ့ နံနက်ပိုင်းထိ ရေဘေးကယ်ဆယ်ရေးစခန်း ၄၆ ခုတွင် အိမ်ထောင်စု ၆၀၇၄ စု ပြောင်းရွှေ့နေထိုင်နေရဆဲဖြစ်ကာ အခြေခံပညာကျောင်းပေါင်း ၃၈၅ ကျောင်း ယာယီပိတ်ထားခဲ့ရပြီး ၆၉ ကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ကာ ၃၁၆ ကျောင်း ယာယီပိတ်ထားရဆဲဖြစ်ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)