ပွင့်ဖြူ ဩဂုတ် ၁
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများက မဲဇလီရေလွှဲဆည်ရေဖြင့် မိုးစပါးသီးနှံ လျာထားဧကပြည့်မီရေးအတွက် ဇူလိုင်လဆန်းကစပြီး ကြိုးပမ်းစိုက်ပျိုးလျက်ရှိရာ ယနေ့အထိ မိုးစပါးသီးနှံ ၁၃၃၇၉ ဧက စိုက်ပျိုးဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် စားနပ်ရိက္ခာဖူလုံစေရန်နှင့် သီးနှံစိုက်ပျိုးစွမ်းအား တိုးတက်မြင့်မားစေရန် ရည်ရွယ်၍ မိုးစပါးသီးနှံ စိုက်ဧက ၆၉၉၄၄ ဧက လျာထားစိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရပြီး ဒေသခံတောင်သူများက သတ်မှတ်လျာထားဧက ပြည့်မီအောင် စိုက်ပျိုးပြီးစီးစေရေး စိုက်ပျိုးရေးဦးစီးဌာနနှင့် ဆက်စပ်ဌာနများ၏ ကြီးကြပ်မှုဖြင့် တောင်သူလုပ်ငန်းသုံး ကျွဲနွားများနှင့် လယ်ယာသုံးစက်ကိရိယာများကို အသုံးပြု၍ ကြိုးပမ်းစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
"ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီမှာ ဒေသခံတောင်သူတွေ သီးနှံဝင်ငွေတိုးပွားစေဖို့နဲ့ ဆန်စပါး စားနပ်ရိက္ခာဖူလုံပိုလျှံစေရေးအတွက် တစ်မြို့နယ်လုံး မိုးစပါးသီးနှံဧက ၆၉၉၄၄ ဧက လျာထားစိုက်ပျိုးဆောင်ရွက်သွားမှာဖြစ်ပါတယ်။ မိုးစပါးစိုက်ပျိုးခြင်းကိုတော့ ဇူလိုင်လဆန်းကစပြီး စိုက်ပျိုးခဲ့ရာ ယနေ့အထိ မိုးစပါးသီးနှံ ၁၃၃၇၉ ဧက စိုက်ပျိုးပြီးစီးသွားပြီ ဖြစ်ပါတယ်။ ဒေသခံတောင်သူတွေ အများဆုံးစိုက်ပျိုးတဲ့ စပါးမျိုးတွေကတော့ ဧရာမင်း၊ ရတနာတိုး၊ မနောသုခ၊ ဆင်းသုခ၊ ဧရာပဒေသာ၊ ပေါ်ဆန်းရင်၊ ပခန်းရွှေဝါ၊ ချမ်းမြေ့မေ၊ ဆင်းသိင်္ဂီစတဲ့ စပါးမျိုးတွေကို အများဆုံးစိုက်ပျိုးကြပါတယ်။ မိုးစပါးသီးနှံ စိုက်ပျိုးရေးနဲ့ပတ်သက်ပြီး တောင်သူတစ်ဦးချင်းအလိုက် သီးနှံအထွက်နှုန်း တိုးတက်စေဖို့အတွက် ဝန်ထမ်းများက သက်ဆိုင်ရာနယ်မြေအလိုက် တောင်သူတွေကို ကွင်းဆင်းကြီးကြပ်ပြီးတော့ မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးဖို့ ၊ စိုက်နည်းစနစ်နဲ့ သွင်းအားစုပစ္စည်း သုံးစွဲနည်းစနစ်တွေ မှန်ကန်စွာ အသုံးချဆောင်ရွက်နိုင်ဖို့အတွက် စိုက်ပျိုးရေးအသိပညာပေးလုပ်ငန်းများကို ပံ့ပိုးကူညီဆောင်ရွက်ပေးနေပါတယ်" ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေ က ပြောသည်။
ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် ဒေသတွင်း ဆန်စပါးစားနပ်ရိက္ခာဖူလုံပိုလျှံစေရန်နှင့် သီးနှံဝင်ငွေတိုးပွားစေရန်အတွက် နှစ်စဉ် မိုးသီးနှံစိုက်ပျိုးရာသီတွင် မဲဇလီရေလွှဲဆည်ရေဖြင့် မိုးစပါး၊ ဖူးစားပြောင်း၊ နှံစားပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ဝါသီးနှံ၊ ပဲမျိုးစုံသီးနှံနှင့် အခြားစားဖိုဆောင်သီးနှံမျိုးစုံတို့ကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြကြောင်းသိရပြီး စိုက်ပျိုးရေအဆင်ပြေမှုကြောင့် စိုက်ပျိုးသမျှသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းမှုရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )