အထက်မင်းလှ ဩဂုတ် ၁
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၉) နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က ၂၀၂၄-၂၀၂၅ ခုနှစ်၌ သီးနှံများစိုက်ပျိုးရာတွင် သီးထပ်စွမ်းအားမြှင့်တင်ရေး ပန်းတိုင်အထွက်နှုန်းရရှိရေး၊ ဆီထွက်သီးနှံနေကြာစိုက်ပျိုးရေးအတွက် လျာထားချက်ပြည့်မီအောင် ဆောင်ရွက်ရန်၊ ဝါသီးနှံစိုက်ပျိုးရာတွင် Grade-A ရရှိရေး တောင်သူများအား စိုက်ပျိုးရေးဦးစီးဌာနမှ အသိပညာပေးဆွေးနွေးဆောင်ရွက်လျက်ရှိကြောင်း၊ ဆီထွက်သီးနှံအထူးဇုံဖြစ်၍ မြေပဲ၊ နှမ်း၊ နေကြာများ လျာထားချက်ပြည့်မီစွာစိုက်ပျိုးနိုင်ရေး ဆောင်ရွက်ရန်၊ မြို့ရွာသန့်ရှင်းသာယာလှပစေရေး၊ ရုံးတွင်းရုံးပြင်သန့်ရှင်းသာယာလှပစေရေး ဆောင်ရွက်ရန်နှင့် အမှိုက်ကျင်းများ တူး၍ အမှိုက်များ စနစ်တကျစွန့်ပြစ်ရန်၊ မကြာမီကာလတွင် အိမ်ထောင်စုလူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူမည်ဖြစ်၍ ပူးပေါင်းဆောင်ရွက်ကြရန်၊ လုံခြုံရေးဂရုပြုဆောင်ရွက်ရန်နှင့် ပြည်သူ့စစ်မှုထမ်းဆိုင်ရာ အကြောင်းအရာများအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် အစည်းအဝေးတက်ရောက်လာသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများက စိုက်ပျိုးရေး၊ မွေးမြူရေး၊ မြို့သန့်ရှင်းသာယာလှပရေး၊ အိမ်ထောင်စုလူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ အကြောင်းအရာများ၊ ပြည်သူ့စစ်မှုထမ်းဆိုင်ရာ အကြောင်းအရာများအား အကြံပြုဆွေးနွေးခဲ့ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဆွေးနွေးချက်များအပေါ် လိုအပ်သည်များအား ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)