ဘုတလင်မြို့နယ်၊ တောင်ကုန်း (အရှေ့) ကျေးရွာမှ ခိုင်းနွားတစ်ကောင်တွင် အရေပြား အကျိတ်ရောင်ရောဂါ သံသယဖြစ်ဖွယ် တွေ့ရှိ

ဘုတလင်   နိုဝင်ဘာ ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ တောင်ကုန်းကျေးရွာအုပ်စု၊ တောင်ကုန်း(အရှေ့) ကျေးရွာမှ ခိုင်းနွားတစ်ကောင်တွင် အရေပြား အကျိတ်ရောင်ရောဂါ သံသယဖြစ်ဖွယ် တွေ့ရှိ ရကြောင်း မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာ ကျော်ကျော်လွင်က ပြောသည်။

တောင်ကုန်း(အရှေ့)ကျေးရွာမှ တောင်သူ ဦးနိုင်ဝင်း မွေးမြူထားသော အရေပြားအကျိတ်ရောင် ရောဂါ သံသဖြစ်ဖွယ် တွေ့ရှိရသည့် ခိုင်းနွားတစ်ကောင်ကို မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါက်တာကျော်ကျော်လွင်နှင့် ဝန်ထမ်းများက နိုဝင်ဘာလ ၁၇ ရက်က ကွင်းဆင်းကြည့်ရှုစစ်ဆေး ခဲ့ပြီး အရေပြားအကျိတ်ရောင်ရောဂါအကြောင်းကို အသိပညာပေး ဆွေးနွေးခဲ့သည်။

“ဒီအရေပြားအကျိတ်ရောင်ရောဂါက ကာကွယ်ဆေး မရှိသေးဘူး။ အဲဒါကြောင့် ရောဂါသံသယ ဖြစ်ဖွယ် တွေ့ရတဲ့ ခိုင်းနွားကနေ ကျန်းမာတဲ့ အခြားနွားတွေကို မကူးစက်အောင်လို့ နွားတွေကို အတူ မထားဘဲ သီးခြား ခွဲထားဖို့၊ ပတ်ဝန်းကျင်က ကျွဲနွားတွေကို ရောဂါကူးစက်မခံရအောင် မွေးမြူရေးခြံဖျန်း ပိုးသတ်ဆေး ဖျန်းဖို့ စီမံပေးခဲ့ပါတယ်”ဟု မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာကျော်ကျော်လွင်က ပြောသည်။

အဆိုပါ အရေပြားအကျိတ်ရောင် ရောဂါသည် ကျွဲနွားများအား မွှား၊ ခြင်၊ ယင်ကိုက်ခြင်းမှတဆင့် ကူးစက်ပြီး ဘုတလင်မြို့နယ်ရှိ အခြားကျေးရွာ များမှ ကျွဲနွားများတွင် သံသယဖြစ်ဖွယ် မတွေ့ရသေး ကြောင်း  သိရသည်။

ဖိုးခါး(ပြန်/ဆက်)