ဘားအံ ဇူလိုင် ၃၁
ကရင်ပြည်နယ်အတွင်း မိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်းပြီး တောင်ကျရေများ စီးဆင်းကာ မြစ်ရေချောင်းရေများ မြင့်တက်လာသည့်အတွက် အနိမ့်ပိုင်းလူနေရပ်ကွက်များတွင် ရေများဝင်ရောက်ကာ ဆက်လက်နေထိုင်၍ မရတော့သဖြင့် ရေဘေးကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်၍ ယာယီပြောင်းရွှေ့နေထိုင်စေခဲ့ရာ ယနေ့နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများသည် ကော့ကရိတ်ခရိုင်၊ ကျုံဒိုးမြို့ရှိ ရေဘေးသင့်ပြည်သူများအား စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံ(ဖားစည်လမ်းဆုံ)-ရွှေယဉ်မျှော်-နောင်လုံလမ်းပိုင်း၊ သထုံ-ဘားအံ-ကော့ကရိတ်-မြဝတီလမ်းပိုင်းနှင့် အဆိုပါလမ်းဘေးဝဲယာတစ်လျှောက် စိုက်ပျိုးပြီးမိုးစပါးနှင့်မိုးသီးနှံများ ရေကြီးနစ်မြုပ်မှုအခြေအနေများအား မော်တော်ယာဉ်ဖြင့် ဖြတ်သန်းကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကော့ကရိတ်ခရိုင်၊ ကျုံဒိုးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ယာယီရေဘေးကယ်ဆယ်ရေးစခန်းတွင် ပြောင်းရွှေ့နေထိုင်သော ရေဘေးသင့်ပြည်သူများနှင့် သွားရောက်တွေ့ဆုံပြီး ကယ်ဆယ်ရေးစခန်းတွင် နေထိုင်စဉ်ကာလအတွင်း တစ်ကိုယ်ရေသန့်ရှင်းရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များကို အထူးအလေးထားနေထိုင်ကြစေလိုပြီး တစ်ဦးနှင့်တစ်ဦးချစ်ခင် ရင်းနှီးစွာဖြင့် စည်စည်းလုံးလုံးနေထိုင်သွားကြစေလိုကြောင်း၊ လိုအပ်သည့်ကူညီထောက်ပံ့မှုများကို ပြည်နယ်အစိုးရအဖွဲ့နှင့်တာဝန်ရှိသူများ၊ စေတနာရှင်အလှူရှင်များက ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး အခက်အခဲနှင့် လိုအပ်ချက်များရှိပါက ရင်းနှီးပွင့်လင်းစွာ တင်ပြဆွေးနွေးနိုင်ပါကြောင်း အားပေးစကားများ ပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ကျုံဒိုးမြို့ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ဓမ္မသုခဘုန်းကြီးကျောင်းနှင့် ရပ်ကွက်ဓမ္မာရုံ ရေဘေးကယ်ဆယ်ရေးစခန်း(၃)ခုရှိ အိမ်ထောင်စု ၂၁၁ စု၊ လူဦးရေ ၈၄၄ ဦးတို့အတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့မှထောက်ပံ့သော ဆန်၊ ဆီ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက် အစရှိသော စားသောက်ကုန်ပစ္စည်းများနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သော ဆန်ရိက္ခာဖိုးငွေ ၁၇၇၂၄၀ဝိ/-(တစ်ဆယ့် ခုနှစ်သိန်း ခုနှစ်သောင်းနှစ်ထောင်လေးရာ) ကျပ်ကို ထောက်ပံ့ပေးအပ်ရာ ရေဘေးသင့်ပြည်သူများကိုယ်စား ပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က ကျုံဒိုးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ပညာရေးဝန်ထမ်းများအတွက် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီချုပ်နှင့်အဖွဲ့သည် ပြည်နယ်၏အဓိကဆက်သွယ်ရေးလမ်းကြောင်းတစ်ခုဖြစ်သော မဟာမဲခေါင်ဒေသခွဲ အရှေ့-အနောက်စီးပွားရေးစင်္ကြန်လမ်းမကြီး (East-West Economic Corridor) ပေါ်ရှိ ဘားအံ-ကော့ကရိတ်-မြဝတီအာရှလမ်းမကြီးပေါ်တွင် တည်ရှိသော ဂျိုင်း(ကော့ကရိတ်)တံတား တည်ဆောက်ပြီးစီးမှုနှင့် အဆိုပါတံတားတွင် တိုးဂိတ်တည်ဆောက်မည့်နေရာ မြေကြီးလုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးရာ ပြည်နယ်လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ညို၊ တံတားအထူးအဖွဲ့(၁၄) စီမံကိန်းတာဝန်ခံအင်ဂျင်နီယာ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝေဖြိုးတို့က သံမဏိကွန်ယက်ပြားများဖြင့် တည်ဆောက်ထားသည့် သုံးခန်းတွဲကြိုတင်အားဖြည့်သံကူကွန်ကရစ်ကြိုးဆိုင်းတံတား အမျိုးအစား အရှည် ၁၉၀၃ ပေ၊ အကျယ် ၇၄ ပေ (လေးလမ်းမောင်း)နှင့် ချဉ်းကပ်လမ်း ၁ ဒသမ ၂ ကီလိုမီတာကို ကြိုတင်သွန်းလောင်း ကွန်ကရစ်အချပ်ဖြင့် နှစ်ခန်းတွဲသံမဏိယက္မတံတားအဖြစ် တည်ဆောက်ပြီးစီးမှုအခြေအနေကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က တည်ဆောက်ပြီးစီးသော ဂျိုင်း(ကော့ကရိတ်)တံတား၏ ချည်းကပ်လမ်းများအား ရေကြီးရေလျှံမှုကြောင့် ပျက်စီးမှုများမဖြစ်ပေါ်စေရေး လိုအပ်ပါက မြေထိန်းနံရံများ ထည့်သွင်းဆောင်ရွက်သွားရန် မှာကြားကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တံတားလုံခြုံရေးဘန်ကာများနှင့် ပွန်တွန်းရေပေါ်တံတားတို့အား ကြည့်ရှုစစ်ဆေး၍ လုံခြုံရေးတပ်ဖွဲ့ဝင်များအား စားသောက်ကုန်များ ထောက်ပံ့ပေးအပ်ပြီး တံတားကြီးပေါ်မှ ဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ကရင်ပြည်နယ်အတွင်း ရေကြီးရေလျှံမှုများဖြစ်စဉ်ကြောင့် ဇူလိုင်လ ၂၅ ရက်နေ့မှစ၍ အနိမ့်ပိုင်းရပ်ကွက်များရှိ ရေဘေးသင့်ပြည်သူများအား ပြည်နယ်အတွင်း ကယ်ဆယ်ရေးစခန်း ၅၇ ခု ဖွင့်လှစ်၍ အိမ်ထောင်စု ၆၈၀၀ ကို ပြောင်းရွှေ့နေရာချထားပေးခဲ့ရပြီး အခြေခံပညာကျောင်းပေါင်း ၃၈၄ ကျောင်းကို ခေတ္တပိတ်ထားပေးရကာ ၄၄ ကျောင်း ပြန်လည်ဖွင့်လှစ်ခဲ့သည့်အတွက် ၃၄၀ ကျောင်းမှာ ခေတ္တပိတ်ထားရဆဲဖြစ်ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)