ကျိုက်လတ် ဇူလိုင် ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဇူလိုင်လတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်ခြင်းကြောင့် ပျက်စီး ဆုံးရှုံးခဲ့သည့် ဘေးသင့်ပြည်သူများအား အိမ်ဆောက်ပစ္စည်း၊ ဆန်ရိက္ခာ၊ ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ဇူလိုင်(၂၉)ရက်၊ နေ့လယ်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါလတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ထောက်ပံ့ပစ္စည်းများ ပေးအပ်ရာတွင် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်နှင့် တာဝန်ရှိသူများ၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအာကာဖြိုးမင်းနှင့် တာဝန် ရှိသူများ၊ ကျိုက်လတ်မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးနိုင်လင်းနှင့် တာဝန်ရှိသူများ၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများက တပေတမော့ကျေးရွာ၊ ကျီးချောင်းကျေးရွာ၊ ရေကျော်ကျေးရွာနှင့် လှည်းဆိပ်ကွင်း ကျေးရွာများတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်ခြင်းကြောင့် ပျက်ဆီးဆုံးရှုံးခဲ့သည့် ဘေးသင့်ပြည်သူများအား အိမ်ဆောက်ပစ္စည်း၊ ဆန်ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။ ဆက်လက်၍ မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်ခြင်းကြောင့် လုံးဝပြိုကျပျက်စီးနေအိမ်(၁၇)လုံးနှင့် တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ်(၁)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေကျပ် (၁,၇၃၀,၀၀ဝိ/-) တိတိနှင့် အိမ်ထောင်စု(၁၈)စုမှ လေဘေးသင့်လူဦးရေ စုစုပေါင်း (၆၃)ဦးတို့အတွက် ဆန်ရိက္ခာ ဖိုးထောက်ပံ့ငွေကျပ် (၁၃၂,၃၀ဝိ/-)တိတိ စုစုပေါင်း ကယ်ဆယ်ရေး ရန်ပုံငွေကျပ် (၁,၈၆၂,၃၀ဝိ/-)တိတိနှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးပါ (၁၇)ပုံးတို့အား ဘေးသင့်ပြည်သူများထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
လှိုင်မင်းအောင်(ပြန်/ဆက်)