ပခုက္ကူ ဇူလိုင် ၃၁
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ ပရိယတ္တိဗိမာန်စာဖြေဆောင် ခြံစည်းရိုးအုတ်တံတိုင်းကာရံနိုင်ရေးအတွက် အလှူတော်ငွေပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကြွရောက်တော်မူလာကြသော ဆရာတော်သံဃာတော်ကြီးများနှင့် ဧည့်သည်တော်များက နမောတဿသုံး ကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ကြသည်။
ဆက်လက်၍ ပခုက္ကူမြို့၊ မဟာဝိသုတာရာမ(အလယ်)တိုက် ဂဏဝါစက နာယကစာချ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တအရိယဝံသ(အဂ္ဂမဟာပဏ္ဍိတ)ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်သံဃာတော်ကြီးများက ရွတ်ဖတ်သရဇ္ဈယ်တော်မူသော“သဗ္ဗတိရော” အစရှိသည့် ဂါထာတော်များ နာယူကြည်ညိုကြသည်။
ထို့နောက် ပခုက္ကူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးအောင်နှင့် တာဝန်ရှိသူများက ပခုက္ကူမြို့၊ ပရိယတ္တိဗိမာန် စာဖြေဆောင်ခြံစည်းရိုးအုတ်တံတိုင်းကာရံနိုင်ရေးအတွက် အလှူတော်ငွေကျပ် ၁၅၂ သိန်းအား ပေးအပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။
ပခုက္ကူမြို့၊ ပရိယတ္တိဗိမာန်စာဖြေဆောင်(တောင်ဘက်)ခြံစည်းရိုးအုတ်တံတိုင်းကာရံခြင်းလုပ်ငန်း (အလျား ၃၂၅ ပေ၊ အမြင့် ၆ ပေ)အတွက် ဌာနဆိုင်ရာများ၊ ပခုက္ကူကုန်သည်ပွဲစားများအသင်း၊ ဆန်နှင့်ဆီကုန်သည်အသင်း၊ ပုဂ္ဂလိကအလှူရှင်များက အလှူတော်ငွေကျပ် ၁၅၂ သိန်းကို စုပေါင်းလှူဒါန်းခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)