ပွင့်ဖြူ ဇူလိုင် ၃၁
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဒေသထွက် ဖီးကြမ်းငှက်ပျောများ အရောင်းအဝယ်ကောင်းမွန်နေကြောင်း ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာမှ ငှက်ပျောစိုက်ပျိုးတောင်သူ ဦးကျော်ဆန်း က ပြောပြ၍ သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ဖီးကြမ်းငှက်ပျော၊ ရခိုင်ငှက်ပျော၊ ငှက်ပျောချဉ်၊ သီးမွှေးငှက်ပျောများ ထွက်ရှိပြီး ဇူလိုင်လဆန်းပိုင်းကစ၍ အရောင်းအဝယ်ကောင်းမွန်လျက်ရှိ၍ ငှက်ပျောစိုက်ပျိုးတောင်သူများ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။
"ပွင့်ဖြူမြို့နယ်က ထွက်ရှိတဲ့ ငှက်ပျောသီးနှံများတွင် ဖီးကြမ်းငှက်ပျောက ဈေးကွက်မှာ အရောင်းအဝယ်ကောင်းမွန်လာတယ်။ ငှက်ပျောဈေးကွက်ကို စောင့်ကြည့်ပြီးတော့ ဒီနှစ် မိုးရာသီမှာ တောင်သူတွေက ငှက်ပျောစိုက်ပျိုးရေးကို ပိုမိုတိုးချဲ့ စိုက်ပျိုးလာကြတယ်။ တောင်သူ အားထားစိုက်ပျိုးတဲ့ ငှက်ပျောစိုက်ခင်းတွေက စိုက်ပျိုးရေ အဆင်ပြေတော့ အောင်မြင်ဖြစ်ထွန်းမှုရှိပြီး ထွက်ရှိတဲ့ ငှက်ပျောခိုင်တွေကလည်း အရည်အသွေး ကောင်းမွန်တာ တွေ့ရတယ်။ တောင်သူတွေ စိုက်ပျိုးတဲ့ ငှက်ပျောမျိုးတွေက ရခိုင်၊ သီးမွှေး၊ ငှက်ပျောချဉ်နှင့် ဖီးကြမ်းငှက်ပျောတို့ ဖြစ်ပါတယ်။ ငှက်ပျော သီးနှံတွေထဲမှာ ဖီးကြမ်းငှက်ပျောက ဈေးကွက်မှာ လူကြိုက်များပြီး အရောင်းသွက်နေတယ်ဗျ။ လက်ရှိမှာ ဖီးကြမ်းငှက်ပျော တစ်ဖီးကို ငွေကျပ် ၂၃၀၀ ဈေးနဲ့ အရောင်းအဝယ် ဖြစ်နေပါတယ်။ ငှက်ပျောဈေးကွက်ပြန်လည်ကောင်းမွန်လာတဲ့အတွက် စိုက်ပျိုးတောင်သူတွေအပြင် ဖောက်သည်ဝယ်ယူပြီး တစ်ဆင့်ပြန်ရောင်းကြတဲ့ ဈေးသည်တွေလည်း အလုပ်အကိုင် အဆင်ပြေကြပါတယ်" ဟု ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာမှ ငှက်ပျောစိုက် တောင်သူ ဦးကျော်ဆန်းက ပြောသည်။
ပွင့်ဖြူမြို့နယ်သည် စိုက်ပျိုးရေအဆင်ပြေမှုကြောင့် ဒေသခံတောင်သူများက စိုက်ပျိုးရေးလုပ်ငန်းကို တစ်နှစ်ပတ်လုံး စီးပွားဖြစ် လုပ်ကိုင်ကြပြီး အဓိကစိုက်ပျိုးသည့်သီးနှံများမှာ စပါး၊ နှမ်း၊ ကုလားပဲ၊ ထောပတ်ပဲ၊ ပဲလွမ်း၊ ပဲကြီး၊ ပဲနောက်၊ ပဲတီစိမ်း၊ နေကြာ၊ မြေပဲသီးနှံနှင့် အခြားစားပင်သီးနှံမျိုးစုံတို့ကို စိုက်ပျိုးကြကြောင်း၊ အချို့တောင်သူများက သီးနှံဝင်ငွေ ပိုမိုရရှိစေရန် ဖီးကြမ်းငှက်ပျော၊ ငှက်ပျောချဉ်၊ သီးမွှေးငှက်ပျော၊ ရခိုင်ငှက်ပျောတို့ကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးလုပ်ကိုင်ကြကြောင်း၊ ယခုနှစ်တွင် ငှက်ပျောဈေးကွက် ပြန်လည်ကောင်းမွန်လာသဖြင့် ငှက်ပျောစိုက်ပျိုးတောင်သူများ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )