ငဖဲမြို့နယ် တောင်ပေါ်ဒေသ၌ တောင်ယာစပါး ၄၇၅ ဧကစိုက်ပျိုးပြီးစီး

ငဖဲ ဇူလိုင် ၃၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် တောင်ပေါ်ဒေသကျေးရွာများ၌ ၂၀၂၄ ခုနှစ် တောင်ယာမိုးစပါး ၄၇၅ ဧကစိုက်ပျိုးပြီးစီးပြီး စပါးခင်းများအောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း မြို့နယ် ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနရုံးမှ သိရှိရသည်။

ငဖဲမြို့နယ်တောင်ပေါ်ဒေသတွင် မိုးရွာသွန်းမှုကောင်းမွန်ပြီး တောင်ယာခင်းများ၌ ဒေသခံ အရှိုချင်းတိုင်းရင်းသားများက ကျောက်ဖရုံ၊ သခွား၊ ငရုတ်၊ ခရမ်းချဉ်၊ ဖရုံ စသည့်ဟင်းသီးဟင်းရွက်များနှင့် တောင်ယာစပါးကို ဝမ်းစာအတွက် ရောနှောစိုက်ပျိုးကြပြီး တောင်ယာစပါးကို ကဆုန်လတွင် ဆူးထိုး၍ မျိုးစေ့ချစိုက်ပျိုးကာ မျိုးများအနေဖြင့် ပေါ်ပေါက်နှင့်ရှမ်းပေါ်မျိုးကို စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးပြီး ၅လခန့်အကြာ တော်သလင်းလတွင် ရိတ်သိမ်းရာ တစ်ဧကအထွက်နှုန်း တင်း ၆၀ ခန့်ထွက်ရှိကြောင်း၊ ရိတ်သိမ်းပြီး စပါးများကို တောင်သူများအနေဖြင့် ရောင်းချခြင်းမပြုဘဲ ဝမ်းစာအတွက်ကြိတ်ခွဲပြီး စားသုံးကြကြောင်း  လိုင်ကျေးရွာမှ တောင်သူတစ်ဦးက ပြောကြားသည်။

ယခုနှစ်တောင်ယာမိုးစပါးကို မြို့နယ်အတွင်းရှိတောင်ပေါ်ဒေသကျေးရွာများဖြစ်သည့် ကျောင်းကုန်း ကျေးရွာအုပ်စု၊ မင်းလွင်ကျေးရွာအုပ်စုနှင့် တောင်ပေါ်ဒေသကျေးရွာအုပ်စု (၁၀) အုပ်စုတွင် စုစုပေါင်း (၄၇၅) ဧက စိုက်ပျိုးပြီးစီးပြီး ဖြစ်ကြောင်းသိရသည်။

မယု(ငဖဲ)