ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် RDT Test Kit ဖြင့် စစ်ဆေးရာ ကိုဗစ်-၁၉ ပိုးတွေ့ လူနာအသစ် နှစ်ဦး တွေ့ရှိ

လွိုင်ကော် နိုဝင်ဘာ ၁၈

လွိုင်ကော်မြို့၊ ဝါရီကောခူ ယာယီ ကုန်တင်ယာဉ် ရပ်နားစခန်း၌ ကုန်ကားများမှ ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များအား ယမန်နေ့က ကိုဗစ်-၁၉ Antigen Rapid Diagnostic Test (RDT)ဖြင့် စစ်ဆေးခဲ့ရာ ယာဉ်မောင်း(၁)ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ (ပိုးတွေ့ရှိ)ကြောင်းနှင့် လွိုင်ကော် တက္ကသိုလ် Quarantine Centre ရှိ Stay at Home မြို့နယ်များမှ ပြန်လာသူများအား ကိုဗစ်-၁၉ Antigen Rapid Diagnostic Test (RDT)ဖြင့် စစ်ဆေးခဲ့ရာ အမျိုးသမီးတစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သည်။

အဆိုပါ ရောဂါပိုး တွေ့ရှိသူ အသက်(၃၅)နှစ်အရွယ် အမျိုးသား ယာဉ်မောင်း တစ်ဦးမှာ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ နမ့်ဘော်ဝမ်(ခ) ကွက်သစ် ရပ်ကွက်တွင် နေထိုင်သူ ဖြစ်ကြောင်းနှင့် (RDT)ဖြင့် စစ်ဆေးချက်အရ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ (ပိုးတွေ့ရှိ)ကြောင်း သိရှိရသည်။

ရောဂါပိုးတွေ့ရှိသူ တစ်ဦးဖြစ်သည့် အသက် (၁၉)နှစ်အရွယ် အမျိုးသမီး တစ်ဦးမှာ မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ မိုးနတ်တောကျေးရွာတွင် နေထိုင်သူဖြစ်ပြီး ရန်ကုန်မြို့၊ အထည်ချုပ်စက်ရုံတွင် အလုပ် လုပ်ကိုင်နေသူ ဖြစ်ကြောင်းနှင့် (RDT)ဖြင့် စစ်ဆေးချက်အရ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ (ပိုးတွေ့ရှိ)ကြောင်း သိရှိရသည်။

အဆိုပါ ပိုးတွေ့လူနာနှစ်ဦးကို ကြက်ခြေနီကားဖြင့် လွိုင်ကော် ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီး ပြည်သူ့ဆေးရုံကြီး သီးသန့်ဆောင်တွင် ထားရှိ၍ စောင့်ကြပ် ကြည့်ရှု ကုသပေးလျက် ရှိကြောင်းနှင့် ၎င်းတို့၏ လတ်တလော ကျန်းမာရေး အခြေအနေမှာ တည်ငြိမ် ကောင်းမွန်လျက် ရှိကြောင်း သိရှိရသည်။

ပိုးတွေ့လူနာ (၂)ဦးနှင့် ထိတွေ့ခဲ့သူ (Negative ဖြစ်ပြီးသူ) (၄)ဦးတို့ကိုလည်း ရွှေလွိုင်ကော် ပရဟိတကားဖြင့် လွိုင်ကော် န.တ.လ သင်တန်းကျောင်း (FQ)သို့ ပို့ဆောင်ပေးခဲ့ပြီး အသွားအလာ ကန့်သတ်ထားရှိကြောင်းနှင့် နောက်တစ်ကြိမ် ဓာတ်ခွဲနမူနာ ထပ်မံရယူ စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

စိုးလှိုင်ဌေး(ပြန်/ဆက်)