ကလေး ဇူလိုင် ၃၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ကလေးမြို့၊ အမှတ်(၁) ခြေခံပညာအထက်တန်းကျောင်း ရွှေရတုခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကလေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးတင့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကလေးခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မာထူးက ကလေးသူငယ်များ၏ အသက်နှင့်စပ်လျဉ်းသည့်ပြဌာန်းချက်များ၊ ကလေးသူငယ်များအတွက် အန္တရာယ်ရှိသော အလုပ်အမျိုးအစားများ၊ ကမ္ဘာတစ်ဝှမ်းတွင် ကလေးငယ်များလုပ်ဆောင်နေကြရသည့် လုပ်ငန်းအမျိုးအစားများကို PowerPoint ဖြင့်ပြသ၍ အသိပညာပေး ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများအား မေးခွန်းများမေးမြန်းခြင်း၊ လက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ်ခြင်းများကို ပြုလုပ်ခဲ့ကြသည်။ အဆိုပါအခမ်းအနားသို့ ကလေးခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကလေးခရိုင်/မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဆရာ/ဆရာများနှင့် ကျောင်းသား/ ကျောင်းသူများ စုစုပေါင်း ၈၀ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)