ဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဥက္ကဋ္ဌဖလား အခြေခံပညာကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ပုသိမ် ဇူလိုင် ၃၁

ဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသည့် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ ဥက္ကဋ္ဌဖလား အခြေခံပညာကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းက ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်းတွင် ကျင်းပခဲ့သည်။

ဦးစွာ တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ ဝန်ကြီးချုပ်က“ ယနေ့ကျင်းပသည့်  ဘောလုံးပြိုင်ပွဲသည် ပုသိမ်ခရိုင်အတွင်း၌ရှိသည့်  မြို့နယ်အခြေခံပညာကျောင်းများမှ ဝင်ရောက်ယှဉ်ပြိုင် ကြခြင်းဖြစ်ပါကြောင်း၊ ဘောလုံးအားကစားကို ကျောင်းသားအရွယ်မှစတင်ပြီး လက်ရွေးစင်အားကစားသမားကောင်းများဖြစ်အောင် အခြေခံအဆင့်ကစပြီး ပြိုင်ပွဲကျင်းပပေးခြင်းလည်း ဖြစ်ပါကြောင်း၊ ယခုပြိုင်ပွဲဝင်အသင်းများမှ ဘောလုံးအားကစားသမားများအနေဖြင့်  အားကစားသမားအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ခိုင်မာလာစေရေး၊ ကျောင်းတစ်ကျောင်းနှင့်တစ်ကျောင်း အပြန်အလှန် ပူးပေါင်းဆောင်ရွက်လာနိုင်စေရေးအစရှိသည့်  ရည်ရွယ်ချက်များအပြင် အခြေခံပညာကျောင်းများမှ ထူးချွန်ထက်မြက်သည့်  ဘောလုံးအားကစားသမားကောင်းများ ပေါ်ထွက်လာစေရေးကို ရည်ရွယ်ပြီး ကျင်းပပြုလုပ်သည့်  ပြိုင်ပွဲဖြစ်သည့်အတွက် ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများအနေဖြင့်  အားကစားသမားကောင်းပီသစွာ ယှဉ်ပြိုင်ကစားကြရန်လိုပါကြောင်း” တိုက်တွန်းအမှာစကားများ ပြောကြားပြီး ၂၀၂၄ ခုနှစ်၊ ဧရာတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဥက္ကဋ္ဌဖလား အခြေခံပညာကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲအား ဖွင့်လှစ်ပေးပြီး ပြိုင်ပွဲဝင်အသင်းများအား လိုက်လံနှုတ်ဆက်အားပေးကာ အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့နောက် စစ်ကြောင်းမှူး ဦးဆောင်သည့် ပြိုင်ပွဲဝင်အသင်းများက ဝန်ကြီးချုပ်အား အလေးပြုခြင်းနှင့် အားကစားသစ္စာအဓိဋ္ဌာန် (၄)ချက်အား ရွတ်ဆိုခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ကြသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ကျောင်းသား၊ ကျောင်းသူလေးများ၏ ပန်းပွားအကနှင့် ကရင်ဒုံးယိမ်းအက၊ Fitness Dance အဖွဲ့တို့၏ ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ဖျော်ဖြေရေးအကအဖွဲ့များနှင့် အနောက်တောင်တိုင်းစစ်ဌာနချုပ် စစ်တီးဝိုင်းအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကာ သာပေါင်းမြို့နယ်(ခ)အသင်းနှင့် ငပုတောမြို့နယ်(ခ)အသင်းတို့၏ အကြိတ်အနယ်ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသည့် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဥက္ကဋ္ဌဖလား၊ အခြေခံ ပညာကျောင်းပေါင်းစုံဘောလုံးပြိုင်ပွဲကို ယခုလ (၃၀) ရက်နေ့မှ ဩဂုတ်လ ၁၂ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)