ပုသိမ်မြို့၌ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမျိုးသား၊ အမျိုးသမီး မိုက်ခရိုမာရသွန်ပြိုင်ပွဲ၊ အားကစားဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် အားကစားပစ္စည်းများပေးအပ်ခြင်း အခမ်းအနားကျင်းပ

ပုသိမ် ဇူလိုင် ၃၁

၂၀၂၄ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီမှ ဦးစီးကျင်းပပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမျိုးသား၊ အမျိုးသမီး မိုက်ခရိုမာရသွန်ပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်းတွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ တက်ရောက်ဖွင့်လှစ်ပေးသည်။

ဦးစွာ အမျိုးသား၊ အမျိုးသမီး မိုက်ခရိုမာရသွန်ပြိုင်ပွဲကို တိုင်းဒေသကြီး ဝန်ကြီးချုပ်က သေနတ်ပစ်ဖောက်၍ ဖွင့်လှစ်ပေးခဲ့ပြီးနောက် ပြိုင်ပွဲဝင် အားကစားသမားများက ကိုးသိန်းအားကစားကွင်းမှ စတင်ကာ မဟာဗန္ဓုလလမ်းမကြီး၊ ပုသိမ်-ရန်ကုန်လမ်းမကြီးအတိုင်း၊ ပုသိမ်မြို့အဝင်မှ ပြန်လှည့်ကာ ကိုးသိန်းအားကစားကွင်းသို့ ပန်းဝင်လာရာ အမျိုးသားပြိုင်ပွဲတွင် ပြိုင်ပွဲဝင်နံပါတ် ၀၆၉၊ မောင်အောင်ပိုင်ဖြိုး၊ အ.ထ.က (၃) (ပုသိမ်) ပထမ၊ ပြိုင်ပွဲဝင်နံပါတ် ၄၁၇၊ မောင်ရန်နိုင်ကျော် (ဝါးခယ်မ) ဒုတိယ၊ ပြိုင်ပွဲဝင်နံပါတ် ၄၆၉၊ မောင်အေးကျော် (မအူပင်)  တတိယ၊ ပြိုင်ပွဲဝင်နံပါတ် ၄၄၆၊ မောင်ကျော်ဇင်မင်း (ကန်ကြီးထောင့်)စတုတ္ထ၊ ပြိုင်ပွဲဝင်နံပါတ် ၅၀၀၊ မောင်ကျော်ဇင်သန့်၊ (ပုသိမ်)  ပဉ္စမနှင့် အမျိုးသမီးပြိုင်ပွဲတွင် ပြိုင်ပွဲဝင်နံပါတ် ၄၈၃၊ မနှင်းဝေဖြိုး (မြန်အောင်) ပထမ၊ ပြိုင်ပွဲဝင်နံပါတ် ၀၂၃၊ မပြည့်ဖြိုးစံ၊ (အထက-၁ ပုသိမ်) ဒုတိယ၊  ပြိုင်ပွဲဝင်နံပါတ် ၄၅၁၊ မယမင်းအေး (ဖျာပုံ) တတိယ၊ ပြိုင်ပွဲဝင်နံပါတ် ၄၅၂၊ မနော်လင်းထက်ထက်အောင် (ဖျာပုံ) စတုတ္ထ၊ ပြိုင်ပွဲဝင်နံပါတ် ၅၀၇၊ မမေသက်နှင်း(ရေကြည်) ပဥ္စမနှင့် ကျန်ပြိုင်ပွဲဝင်များမှ အစဉ်လိုက် ကိုးသိန်းအားကစားကွင်းသို့ အသီးသီး ပြန်လည်ပန်းဝင်ရောက်ခဲ့ကြသည်။ ယင်းနောက် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဆက်လက်ပြုလုပ်ရာ အမျိုးသား၊ အမျိုးသမီး မိုက်ခရိုမာရသွန်ပြိုင်ပွဲတွင်  အထူးဆုရရှိသူများအား တစ်ဦးချင်း ဆုတံဆိပ်များနှင့် ငွေသားဆုများကို တာဝန်ရှိသူအသီးသီးကလည်းကောင်း၊ အမျိုးသမီးမိုက်ခရိုမာရသွန်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိသူများအား တစ်ဦးချင်း ဆုတံဆိပ်များနှင့် ငွေသားဆုများကို တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီးလည်းကောင်း၊ အမျိုးသားမိုက်ခရိုမာရသွန်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိသူများအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုများကို တိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်းကောင်း ဆုများအသီးသီး ချီးမြှင့်ခဲ့ကြပြီးနောက် ဇွဲဆုရရှိသူများကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီးတို့က ဆုငွေများ ဆက်လက်ချီးမြှင့်ခဲ့ကြသည်။ အဆိုပါ အမျိုးသား၊ အမျိုးသမီးမိုက်ခရိုမာ ရသွန်ပြိုင်ပွဲတွင် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ ၄၀၀ ဦး၊ မြို့နယ်များမှ အားကစားသမား ၁၀၀ ကျော်၊ စုစုပေါင်း ပြိုင်ပွဲဝင် (၅၀၀) ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ထို့နောက် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပုသိမ်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ရတနာတန်ဆောင်ခန်းမတွင် အားကစားဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် အားကစားပစ္စည်းများပေးအပ်ခြင်း အခမ်းအနားကို ဆက်လက်ပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမျိုးသား၊ အမျိုးသမီး မိုက်ခရိုမာရသွန်ပြိုင်ပွဲကိုလည်း ယနေ့နံနက်ပိုင်းက ကိုသိန်းအားကစားကွင်းတွင် ပြုလုပ်ခဲ့ပါကြောင်း၊ အနာဂတ်တွင် နိုင်ငံ့တာဝန်များကို ပုခုံးပြောင်းထမ်းဆောင်မည့် လူငယ်များအား ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များဖြစ်ရန်အတွက် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ဘက်ပေါင်းစုံမှ အရည်အသွေး ပြည့်၀လာစေရန် စနစ်တကျ ပြုစုပျိုးထောင်ပေးလျက်ရှိရာ လူငယ်များသည် နိုင်ငံ၏ အနာဂတ်ဖြစ်သည်နှင့်အညီ နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေး အလေးထား ဆောင်ရွက်ရန်” တိုက်တွန်းအမှာစကား ပြောကြားသည်။ ယင်းနောက်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးက လူငယ်နှင့်စာပေခေါင်းစဉ်ဖြင့်လည်းကောင်း၊ တိုင်းဒေသကြီးလူငယ်ရေးရာတာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူးက လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ခေါင်းစဉ်ဖြင့်လည်းကောင်း လူငယ်ရေးရာ အသိပညာပေး ဟောပြောခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ ဂုဏ်ပြုတေးသီချင်း “ လူငယ်စွမ်းရည်” တေးသီချင်းအား (Projecor) ဖြင့်ပြသမှုအား ကြည့်ရှုအားပေးခဲ့ပြီး ဝန်ကြီးချုပ်က အားကစားပစ္စည်းများအား အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းသို့ ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ကြီးက လက်ခံရယူခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီးတို့က အားကစားပစ္စည်းများအား ကျောင်းသား၊ ကျောင်းသူ လူငယ်များထံ မဲနှိုက်ပေးအပ်ခဲ့ပြီးနောက် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့ကြသည်။ ဆက်လက်၍ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်ခရိုင်၊ သာပေါင်းမြို့သို့ သွားရောက်၍ အမှတ်(၃)ရပ်ကွက်၊ ကမ်းနားလမ်း ဝိသုဒ္ဓါရာမမြို့မမင်းကျောင်းတွင် ငဝန်မြစ်ရေမြင့်တက်မှုကြောင့် ယခုလ(၂၁)ရက်နေ့မှ စတင်ကာ ပြောင်းရွှေနေထိုင်သည့်  အိမ်ထောင်စု(၁၀၆)စု၊ လူဦးရေ(၄၂‌၀)တို့အား တွေ့ဆုံ၍ အားပေးစကားများ ပြောကြားခဲ့ပြီး ယာယီရေဘေး ရှောင်ပြည်သူများအတွက် နေထိုင်ရေး၊ စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ရေး၊ ကျောင်းသား/ကျောင်းသူများ အားစာသင်ကြားနိုင်ရေး စီစဉ်ဆောင်ရွက်ပေးနိုင်ရေး ကြိုတင်ပြင်ဆင် ထားရှိရန်မှာကြားခဲ့ပြီး ဆန်၊ ဆီများ ထောက်ပံ့ပေးအပ်ကာ ကျောင်းထိုင်ဆရာတော်အား ဖူးမြော်ကြည်ညို၍ လှူဘွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား လျှောက်ထားတင်ပြခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် အမှတ်(၃)ရပ်ကွက်၊ ကမ်းနားလမ်းတွင် ငဝန်မြစ်ရေ မြင့်တက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့သည်။

လှမင်းထွဋ်(ပြန်/ဆက်)