အိမ်မဲမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှုကြောင့် စာသင်ကျောင်း (၁၇) ကျောင်း ပိတ်ထားရ

အိမ်မဲ ဇူလိုင် ၃၁

ဧရာဝတီတိုင်ဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှု ကြောင့် ဇူလိုင်လ (၂၉)ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ ယနေ့အထိ အခြေခံပညာကျောင်း (၁၇)ကျောင်း ပိတ်ထားရကြောင်း သိရသည်။

ဇူလိုင်လ (၂၉)ရက်နေ့ နံနက်ပိုင်းတွင် အ.မ.က (လွန်)ကျင်သက်၊ အ.မ.က (လွန်) လှည်းဆိပ်ခြံကုန်း၊ အ.မ.က (လွန်) ကွန်စခန်း၊ အ.မ.က (လွန်) ကျုံကဘို၊ အ.မ.က နီစပ်ကြီး၊ အ.မ.က ကျုံးတုံး၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (အောင်ဓမ္မသုခကျောင်း) တို့မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး စာသင်ကျောင်းအတွင်းသို့ ရေတစ်ပေခန့် ဝင်ရောက်လာမှုကြောင့် မလိုလားအပ်သော ထိခိုက်မှုများ မဖြစ်ပေါ်စေရေးအတွက် ကျောင်းများ စတင်ပိတ်ထားခဲ့ပြီး၊ ဇူလိုင်လ (၃၀)နှင့် (၃၁)ရက်နေ့များတွင် အ.လ.က (ခွဲ) ခတ္ထိယ၊  အ.မ.က (လွန်) ကြက်တညင်ငူ၊ အ.မ.က (လွန်) ကျုံလဟာ၊ အ.မ.က ဂွေးကုန်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (သီရိသုဓမ္မကျောင်း)၊ အလကကျီးချောင်း၊ အ.မ.က (လွန်)ရာဇူရိုး၊ အ.မ.က (လွန်) ရေငံကွင်း၊ အ.မ.က စာဖြူဆိပ်၊ အ.မ.က လယ်တောချောင်းတို့မှာ စာသင်ကျောင်းအတွင်းသို့ ရေတစ်ပေခန့် ဝင်ရောက်လာမှုကြောင့် စာသင်ကျောင်းများ ထပ်မံပိတ်ထားရကြောင်း သိရသည်။

အဆိုပါဖြစ်စဥ်နှင့် ပတ်သက်၍ အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ရေကြီးမှုကြောင့် ပိတ်ထား သော ကျောင်းများအတွက် လိုအပ်သည့် ကူညီဆောင်ရွက်မှုများအား ဆောင်ရွက်ပေးလျက်ရှိပြီး အဆိုပါ ကျောင်းများတွင် ရေပြန်လည်ကျသွားပါက သြဂုတ်လ (၃)ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကာ ကျောင်းပိတ်ရက်များအတွက် တနင်္ဂနွေနေ့များတွင် အစားထိုးပြန်လည် ဖွင့်လှစ်မည်ဖြစ်ကြောင်းနှင့် အဆိုပါကျောင်း (၁၇)ကျောင်းမှ ကျောင်းသား/သူ စုစုပေါင်း (၁၆၁၃) ဦးရှိကြောင်း သိရသည်။

ချစ်သက်လယ်(ပြန်/ဆက်)