ပန်းတနော်မြို့နယ်၌ မိုးသည်းထန်းစွာရွာသွန်းမှုနှင့် ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် အခြေခံပညာကျောင်း (၉၇)ကျောင်း ယာယီပိတ်ထားရ

ပန်းတနော် ဇူလိုင် ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် မိုးသည်းထန်းစွာရွာသွန်းမှုနှင့် ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၉၇) ကျောင်းကို ဇူလိုင် (၁၈) ရက်နေ့မှစတင်၍ ယနေ့အထိ ယာယီပိတ်ထားရကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မိုးသည်းထန်းစွာ ရွာသွန်းမှုနှင့် ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် ပန်းတနော်မြို့နယ်အတွင်းရှိ အ.ထ.က (၄)၊ အ.ထ.က ခွဲ (၆) ၊ အ.လ.က (၂) ၊ အ.လ.က- ခွဲ (၇)၊ မူလတန်း (၆၇)ကျောင်း၊ မူလွန် (၉)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေး (၂)ကျောင်း စုစုပေါင်း အခြေခံပညာကျောင်း (၉၇)ကျောင်းတို့၏ ကျောင်းဝင်းအတွင်းနှင့် စာသင်ခန်းများအတွင်း ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခြင်းကြောင့် ယာယီပိတ်ထားရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အခြေခံပညာကျောင်းများကို ရေပြန်လည်ကျဆင်းသည့်အထိ ယာယီပိတ်ထားပေးခြင်းဖြစ်ပြီး  ရေကျပြီးနောက် ကျောင်းပိတ်ရက်များတွင် အစားထိုး၍ ပြန်လည်သင်ကြားပေးသွားမည်ဖြစ်ကြောင်း ပန်းတနော်မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

ပြည့်ဖြိုးကျော်(ပြန်/ဆက်)