ကယားပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

လွိုင်ကော် ဇူလိုင် ၃၁

ကယားပြည်နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်၊ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်က ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး(၆/၂၀၂၄)တွင် နိုင်ငံတော်အကြီးအကဲ၏ စိုက်ပျိုရေး၊ မွေးမြူရေးနှင့်ပတ်သက်သော လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းခဲ့ပြီး လုပ်ငန်းလမ်းညွှန်အဖြစ် တိကျစွာလိုက်နာ အကောင်အထည်ဖော်ဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်နယ်အတွင်း လယ်ယာမြေနှင့်သက်ဆိုင်သော ကိစ္စရပ်များနှင့်စပ်လျဉ်း၍ပြောကြားရာတွင် လယ်ယာမြေလုပ်ငန်းစဉ်များဆောင်ရွက်ရာ၌ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ တိတိကျကျလိုက်နာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လယ်ယာမြေများကို ခွင့်ပြုချက်မရှိဘဲ အခြားနည်းဖြင့် သုံးစွဲမှုများ ထပ်မံပေါ်ပေါက်မှုမရှိစေရေးအတွက် သက်ဆိုင်ရာ‌ကော်မတီဝင်များက အလေးထားစိစစ်ကြပ်မတ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း မှာကြားခဲ့သည်။

ထို့နောက် ကယားပြည်နယ်မြေစာရင်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက ပြည်နယ်အတွင်း လယ်ယာမြေများကို အခြားနည်းအသုံးပြုရန် ခွင့်ပြုမိန့်ပေးထားသော ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်အဆင့်ဌာနဆိုင်ရာများက စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ လက်ရှိဆောင်ရွက်နေသည့်အခြေအနေများ ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများအားလည်းကောင်း  ရှင်းလင်းတင်ပြခဲ့ကြသည်။

ယင်းနောက် ပြည်နယ်အစိုးရအဖွဲ့ဝင်များက လိုအပ်သည်များကိုဖြည့်စွက်ဆွေးနွေးခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြမှုများအပေါ် ပံ့ပိုးဆောင်ရွက်ပေးမည့်အခြေအနေများ ၊ လုပ်ငန်းလိုအပ်ချက်များနှင့်စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)