ကော့သောင်းနယ်စပ်ဂိတ်မှ ပြန်လည်ဝင်ရောက်လာသည့် နေရပ်ပြန်များအား နေရပ်ဒေသအသီးသီးသို့ ပြန်လည်ပို့ဆောင်

ကော့သောင်း  ဇူလိုင် ၃၁

နေရပ်ပြန်မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် ထိုင်းနိုင်ငံအတွင်း ရောက်ရှိရာမှ အကြောင်းအမျိုးမျိုးကြောင့် ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသား အမျိုးသား (၁၃၂) ဦး၊ အမျိုးသမီး (၂၀)ဦး၊ စုစုပေါင်း (၁၅၂) ဦးအား ယမန်နေ့မွန်းတည့်ပိုင်းက ထိုင်းနိုင်ငံ ရနောင်းမြို့မှတစ်ဆင့် မြန်မာနိုင်ငံ ကော့သောင်းမြို့မှတာဝန်ရှိအဖွဲ့အစည်းများထံသို့ ရေလမ်းခရီးမှ လွှဲပြောင်းပေးအပ်ခဲ့ရာ ပြန်လည်ဝင်ရောက်လာသူများအား ကျန်းမာ‌ရေးစစ်ဆေးမှုများ အထူးကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါနေရပ်ပြန် ပြည်သူများအား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦး‌သူဟိန်းစိုးနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာအဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများက လိုအပ်သည်များကို ပြောကြားပြီး ကျန်းမာရေးဌာနနှင့် သက်ဆိုင်ရာဌာနဆိုင်ရာအဖွဲ့အစည်းများ၊ NGO အဖွဲ့အစည်းများက ကိုဗစ်-၁၉ ရောဂါကူးစက်မှုသံသယရှိသူများ ပါဝင်လာ ခြင်းရှိ/မရှိ၊ မြန်မာနိုင်ငံသား မဟုတ်သူများ ပါဝင်လာခြင်းရှိ/မရှိ၊ မူးယစ်ဆေးဝါး သယ်ဆောင်လာခြင်း ရှိ/မရှိ စစ်ဆေးလက်ခံ ခဲ့သည်။

၎င်းနောက် ပြန်လည်ဝင်ရောက်လာသူများအား ကိုယ်ရေးမှတ်တမ်းများ ကောက်ယူခြင်း၊ ကျန်းမာ‌ရေးစစ်ဆေးမှုများ ဆောင်ရွက်ပြီးနောက် မိမိတို့နေရပ်ဒေသအသီးသီးသို့ စနစ်တကျ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း၊ အဆိုပါ မြန်မာအလုပ်သမားများမှာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလတစ်လျှောက် အကြောင်းအမျိုးမျိုးဖြင့် ထိုင်းနိုင်ငံအတွင်း ပိတ်မိနေသူများနှင့် အရေးယူခံနေခဲ့ရသူများဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)