ပွင့်ဖြူမြို့နယ် လက်ပံချည်ပေါ်ကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်နေမှု (၉၈) ရာခိုင်နှုန်းခန့် ပြီးစီး

ပွင့်ဖြူ ဇူလိုင် ၃၁

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်တွင် လက်ပံချည်ပေါ်ကျေးရွာ၌ ဒေသခံတောင်သူများ လယ်ယာသီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင်ပြုရန်ပုံငွေဖြင့် ကျေးလက်ကုန်ထုတ်လမ်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် (၉၈) ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။      

အဆိုပါ ကျေးလက်ကုန်ထုတ်လမ်းမှာ လမ်းအရှည် ၇ ဒသမ ၅၇၅  ဖာလုံ ၊ အကျယ် ၁၂ ပေ ၊ လမ်းအမြင့် ထုတစ်ပေ ၉ လက်မ မြေနီကျောက်စရစ်လမ်းအမျိုးအစား ကျေးလက်ကုန်ထုတ်လမ်းခင်းခြင်းနှင့် Pipe Culvert ပေ ၂၀ (၁)စင်း တည်ဆောက်ခြင်းလုပ်ငန်းများကို တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ် ၅၄ ဒသမ ၀၂၀ သန်း အသုံးပြု၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူပြီး ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး အစီအစဉ်ဖြင့် ယခုနှစ် ဇွန်လ(၄)ရက်နေ့က လုပ်ငန်းစတင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယနေ့တွင် လုပ်ငန်းပြီးစီးမှု (၉၈)ရာခိုင်နှုန်းခန့် ဖောက်လုပ်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ယင်း ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ပြီးစီးပါက ကျေးရွာ(၅)ရွာရှိ ဒေသခံတောင်သူများ၏  စိုက်ပျိုးလယ်မြေ ဧက ၁၅၀ အတွက် ရာသီမရွေး အဆင်ပြေစွာ သွားလာစိုက်ပျိုးလုပ်ကိုင်နိုင်မည်ဖြစ်ကြောင်းနှင့် လယ်ယာထွက်ကုန်သီးနှံများကိုလည်း ဈေးကွက်သို့ အချိန်မီတင်ပို့ရောင်းချသွားနိုင်မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်ထံမှ သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )