ဟင်္သာတ ဇူလိုင် ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၊ ဆကာရပ်ကွက်၊ ကန်ပတ်လမ်းတွင် ယမန်နေ့နံနက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လုံးပတ်(၂၀)ပေခန့်၊ အမြင့် (၄၀)ပေခန့်ရှိ ကုက္ကိုပင်ပြိုလဲရာမှ လူနေအိမ်များပေါ်ပိ၍ နေအိမ်လေးလုံး ပျက်စီးခဲ့သည်။
အဆိုပါဖြစ်စဥ်ကြောင့် နေအိမ်များပေါ်သို့ ကန့်လန့်ဖြတ်လဲကျခဲ့သဖြင့် ဟင်္သာတမြို့နယ် မီးသတ်ဦးစီးမှူး ဦးဥက္ကာနှင့် ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူတို့ဖြင့် ဝိုင်းဝန်းရှင်းလင်း ဖယ်ရှားခြင်းများ ကူညီဆောင်ရွက်ပေးခဲ့ကြသည်။
သစ်ပင်လဲကျမှုကြောင့် ဦးကျော်တိုး၏ အလျား (၁၈) ပေ၊ အနံ(၃၀)ပေ၊ အမြင့်(၁၅)ပေခန့်ရှိ နှစ်ထပ်သစ်သားအိမ်၊ ဒေါ်မြတ်မြတ်ကြည်၏ အလျား(၃၅)ပေ၊ အနံ(၁၈)ပေ၊ အမြင့် (၁၈)ပေခန့်ရှိ သစ်သားအိမ်၊ ဦးဝင်းနိုင်၏ အလျား(၃၀)ပေ၊ အနံ(၁၅) ပေ၊ အမြင့်(၁၈)ပေခန့်ရှိ နှစ်ထပ်တိုက်ခံအိမ်၊ ဦးမျိုးဝင်း၏ အလျား(၃၅)ပေ၊ အနံ(၁၈)ပေ၊ အမြင့် (၁၅)ပေခန့်ရှိ (၂)ထပ်သစ်သား နေအိမ်များ ပျက်စီးဆုံးရှုံးခဲ့ပြီး ၎င်းသစ်ပင်လဲကျမှုကြောင့် လူနှင့်တိရစ္ဆာန် ထိခိုက်ဆုံးရှုံးမှုမရှိကြောင်းနှင့် သက်ဆိုင်ရာဌာနများမှ လိုအပ်သော ကူညီစောင့်ရှောက်မူများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)