နတ်မောက် ဇူလိုင် ၃၁
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်အတွင်း ဒေသဝမ်းစာဖူလုံရေးအတွက် နွေရာသီနှင့် မိုးရာသီကာလများတွင် စပါးများကို အားထားစိုက်ပျိုးကြရာ ကွင်းအမှတ် (၄၇၀) M-40 အတွင်းရှိ နကျားထူးကျေးရွာအုပ်စု တောင်သူ ဦးသိန်းထွန်းအောင်၏ ဆာဖိုးသာစပါးမျိုး နွေစပါးစံကွက် ရိတ်သိမ်းခဲ့သည်။
မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် နွေစပါးစိုက်ပျိုးရာတွင် မနောသုခ၊ ဆင်းသုခ၊ ရတနာတိုးနှင့် ဆာဖိုးသာစပါးမျိုးများကို စိုက်ပျိုးလျက်ရှိသည်။ နွေစပါးစိုက်ပျိုးသူများအနေဖြင့် စပါးအထွက်နှုန်း ကောင်းမွန်ရေး၊ မျိုးသန့်မျိုးကောင်းများ စိုက်ပျိုးနိုင်ရေးတို့ကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ချိတ်ဆက်၍ မျိုးယှဉ်ပြိုင်စမ်းသပ်ကွက်များ၊ စံကွက်များ စိုက်ပျိုးဆောင်ရွက်လျက်ရှိပြီး ယခုအခါ တောင်သူ ဦးသိန်းထွန်းအောင်၏ (၀ ဒဿမ ၆၆) ဧကရှိ ဆာဖိုးသာစံကွက် စပါးခင်းအား ရိတ်သိမ်းခဲ့ရာ စပါးအစိုတင်း ၁၂၈ ဒဿမ ၇၉ တင်းထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီး ဌာန ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ချိုထံက သိရသည်။
နတ်မောက်မြို့နယ် န/ကျားထူးကျေးရွာတွင် နွေစပါးစံကွက်ရိတ်သိမ်းခြင်းသို့ မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ဦးစီးအရာရှိနှင့် စိုက်ကြပ်အဖွဲ့ဝင်များနှင့် တောင်သူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။
လှဝင်း