ထားဝယ် ဇူလိုင် ၃၀
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ် ကျောင်းသားလူငယ်များ ဒေသန္တရ ဗဟုသုတ ဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေး ဟောပြောပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲ က ထားဝယ်မြို့၊ ထားဝယ်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
ဟောပြောပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်၏လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ်တို့ကို ချမှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်လည်း လူမှုရေးဦးတည်ချက် (၃)ရပ်အနက် တတိယအချက်ဖြစ်သည့် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးစသည့် အချက်နှင့်အညီ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သင်တန်းကျောင်းများနှင့် ကျောင်းသားလူငယ်များအားလုံး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒ၊ ရည်မှန်းချက်များနှင့်အညီ ကဏ္ဍပေါင်းစုံမှ မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကျောင်းသားလူငယ်များအနေဖြင့် စစ်မှန်သော မျိုးချစ်စိတ်ဓါတ်နှင့် ပြည်ထောင်စုစိတ်ဓါတ်များ ရှင်သန်ထက်မြက်စေရေး၊ အတွေးအခေါ်များ မှန်ကန်စေရေး၊ တိုင်းပြည်ချစ်စိတ်များ၊ မိမိနိုင်ငံနှင့် လူမျိုးအပေါ် ကာကွယ်စောင့်ရှောက်လိုသည့် စိတ်ဓါတ်များ၊ အမျိုးဘာသာ၊ သာသနာ၊ စာပေနှင့်ယဉ်ကျေးမှုများကို ချစ်မြတ်နိုးပြီး တန်းဖိုးထားသော စိတ်ဓါတ်များ၊ အကျင့်စာရိတ္တ ကောင်းမွန်၍ အသိဉာဏ်ပညာ ဖွံ့ဖြိုးသူများဖြစ်စေရေးတို့အတွက် ရည်ရွယ်ပြီး ယခုလို ဟောပြောပွဲများကို ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် သင်တန်းကျောင်းများရှိ ကျောင်းသားလူငယ်များအနေဖြင့် ကျောင်းစာအပြင် ပြင်ပစာပေ ဗဟုသုတများ ကြွယ်ဝ၍ ဘက်စုံထူးချွန်ပြီး လူမှုဆက်ဆံရေးစွမ်းရည်များ၊ ခေါင်းဆောင်မှု အရည်အသွေးများ၊ ပထဝီဝင်နိုင်ငံရေးသမိုင်းကြောင်းများ၊ အတွေ့အကြုံ ဗဟုသုတများကို သိရှိလေ့လာသင်ယူနိုင်ပြီး ဗဟုသုတများ ဖလှယ်နိုင်စေရေးနှင့် ဒေသန္တရ ဗဟုသုတများ ရရှိစေရေး၊ ချစ်ကြည်ရင်းနှီးမှု ရရှိစေရေးစသည်တို့အတွက် ရည်ရွယ်၍ ကျင်းပပြုလုပ်ပေးခြင်းဖြစ်သည့်အတွက် ကောင်းမွန်ပါကြောင်း၊ နိုင်ငံတော်၏ အနာဂတ်သားကောင်းသမီးကောင်း၊ ကြယ်ပွင့်ကလေးများဖြစ်သည့် ကျောင်းသားလူငယ်များအနေဖြင့် ဆွေးနွေးပွဲမှ မိမိတို့ရရှိလာသည့် ရလဒ်ကောင်းများ၊ အသိပညာ၊ ဗဟုသုတများကို သေချာစွာမှတ်သားပြီး တွေးခေါ်ကြံဆဝေဖန်ပိုင်းခြားနိုင်သော အသိဉာဏ်ရှိ၍ ဗလငါးတန်နှင့် ပြည့်စုံသော ဦးဆောင်မှု အရည်အသွေး ပြည့်မီသော ကျောင်းသားလူငယ်များ ဖြစ်လာစေရေး ကြိုးစားကြရန် လိုအပ်ကြောင်း၊ ကျောင်းသားလူငယ်များအနေဖြင့် တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရိုင်းပင်ကူညီ၍ လက်တွဲညီညီဖြင့် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကြီးတည်ဆောက်ရာတွင် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌ အဓိက စွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဝိုင်းဝန်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် တက္ကသိုလ်ပေါင်းစုံ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီက စည်းလုံးခြင်းအတွက် သီချင်းတစ်ပုဒ် သီချင်းနှင့်ထာဝရသစ္စာသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေး ဒေါက်တာရင်ရင်နွယ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၏ အကြံပေးအဖွဲ့၊ (အဖွဲ့ဝင်) ဒေါက်တာဆလိုင်းအင်ဒရူးငွန်ကျုံးလျန်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူးနှင့်တာဝန်ရှိသူများက စုပေါင်းအမှတ်တရဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေး ဒေါက်တာရင်ရင်နွယ်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေးအဖွဲ့၊ (အဖွဲ့ဝင်) ဒေါက်တာဆလိုင်းအင်ဒရူး ငွန်ကျုံးလျန်တို့က ကျောင်းသားလူငယ်များအား ဒေသန္တရဗဟုသုတ ဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေး ဟောပြောပြီး တက်ရောက်လာသော ကျောင်းသား/သူများနှင့် ပြန်လည်ဆွေးနွေးခဲ့ကြသည်။
ဟောပြောပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေး ဒေါက်တာရင်ရင်နွယ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေးအဖွဲ့၊ (အဖွဲ့ဝင်) ဒေါက်တာဆလိုင်းအင်ဒရူးငွန်ကျုံးလျန်၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများ၊ ဆရာ/မများ၊ ကျောင်းသား/သူ (၇၀၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သတင်းရသည်။
ကျော်ကျော်လတ် (ပြန်/ဆက်)