တောင်ငူ ဇူလိုင် ၃၀
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဘုရင့်နောင်အစည်းအဝေးခန်းမ၌ တောင်ငူခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီနှင့် ခရိုင်အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီအချိန်က ကျင်းပသည်။
ရှေးဦးစွာ တောင်ငူခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီနှင့် ခရိုင်အမျိုးသမီးကော်မတီဥက္ကဋ္ဌဦးသိန်းဇော်(ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ)က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီနှင့် ခရိုင်အမျိုးသမီးကော်မတီအတွင်းရေးမှူး ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်နီနီရွှေက လုပ်ငန်းဆောင်ရွက်ခဲ့မှုများ၊ ကလေးသူငယ်အခွင့်အရေး(၄)ရပ်၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဝန်ဆောင်မှုများ၊ ကာကွယ်စောင့်ရှောက်ရန်လိုအပ်သောကလေးများအား လူမှုဝန်ထမ်းဦးစီးဌာန သင်တန်းကျောင်းများတွင် လက်ခံစောင့်ရှောက်နိုင်ရေး၊ ယခင်အစည်းအဝေးဆုံးဖြတ်ချက် ဆောင်ရွက်ပြီးစီးမှုများ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်ခဲ့မှုများ၊ ကလေးမွေးစားပေးခြင်းများ၊ အဆိုးဝါးဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုများ၊ သက်ငယ်မုဒိမ်းဖြစ်ပွားမှုနည်းအောင် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဥ်များကို ဆွေးနွေးကြပြီး ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဝင်များက ပြန်လည်ဆွေးနွေးတင်ပြသည်။
ထို့နောက် ခရိုင်အမျိုးသမီးကော်မတီဝင်များက အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ၊ အမျိုးသမီးများအား ကျား/မ အခြေပြုအကြမ်းဖက်မှုမှ ကြိုတင်ကာကွယ်ရေး၊ ကာကွယ်စောင့်ရှောက်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း လှုပ်ရှားဆောင်ရွက်ခဲ့မှုများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများကို ပေါင်းစပ်ညှိနှိုင်းဆွေးနွေးကြပြီး တောင်ငူခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီနှင့် ခရိုင်အမျိုးသမီးကော်မတီဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)