ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် (ရွာသစ်ကြီး)တွင် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

စစ်ကိုင်း ဇူလိုင် ၃၀

ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်(ရွာသစ်ကြီး)တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် ငလျင်သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်သည်။

ဟောပြောပွဲတွင် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်(ရွာသစ်ကြီး) ဒုတိယပါမောက္ခချုပ်က အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီးဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူး ဦးစိုးလှိုင်က သဘာဝဘေးအန္တရာယ်ဆိုင်ရာ တားဆီးကာကွယ်ရေးအကြောင်းအရာများကို ဟောပြောဆွေးနွေးပေးကာ တက်ရောက်လာကြသည့် ကျောင်းသား/ ကျောင်းသူများက သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကာကွယ်ရေးအသိပညာပေး နံရံကပ်စာစောင်များနှင့် စာအုပ်များကို လေ့လာကြည့်ရှုခဲ့ကြသည်။

ဆက်လက်၍ သဘာဝဘေးအန္တရာယ်များထဲမှ တစ်ခုအပါအဝင်ဖြစ်သော ငလျင်ဘေးဆိုင်ရာ တားဆီးကာကွယ်ရေးနှင့် ထိခိုက်မှုအန္တရာယ်လျော့ချနိုင်ရေးအတွက် ကျောင်းသား/ကျောင်းသူများအား လက်တွေ့သရုပ်ပြလေ့ကျင့်သင်ကြားပေးခဲ့ရာ ကျောင်းသား/ကျောင်းသူများက စိတ်အားထက်သန်စွာ ပါဝင်လှုပ်ရှားဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ဇော်မြင့်နိုင်