သဲကုန်း ဇူလိုင် ၃၀
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေကြသည့် တောင်သူများအတွက် သွင်းအားစုလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်နှင့် ကျေးလက်ဒေသ လူမှုစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြုစေရန် ရည်ရွယ်၍ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၄ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို သတ်မှတ်အုပ်စုများအလိုက် ထုတ်ချေးပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီက ညောင်ကုန်းကျေးရွာအုပ်စုအတွင်းရှိ တောင်သူလယ်သမားများအား မိုးစပါး စိုက်ပျိုးစရိတ်ဘဏ်ချေးငွေများ ဆက်လက်ထုတ်ချေးပေးလျက်ရှိသည်။
ထိုသို့ ထုတ်ချေးပေးရာတွင် ၂၀၂၃ ဘဏ္ဍာနှစ် မိုးချေးငွေပြေကျေသည့် တောင်သူလယ်သမားများအား ထုတ်ချေးပေးခြင်းဖြစ်ကြောင်း၊ လယ်တစ်ဧကလျှင် တစ်သိန်းခွဲအတိုးနှုန်း ၅ ရာခိုင်နှုန်းဖြင့် မိုးစပါးချေးငွေများကို မေလဆန်းပိုင်းမှစ၍ ထုတ်ချေးပေးခဲ့ရာ ယနေ့ထိ ကျေးရွာ(၃၃)ရွာမှ တောင်သူ (၄၉၅၄) ဦး၏ လယ်ဧက (၂၈၁၀၈) ဧကအတွက် ချေးငွေကျပ် စုစုပေါင်း (၄၂၁၆၂၀၀၀၀၀ )သိန်းကို ထုတ်ချေးပေးပြီးဖြစ်ရာ သဲကုန်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးဘဏ်ခွဲအနေဖြင့် ယခုဘဏ္ဍာနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကို သဲကုန်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၆၃ အုပ်စုမှ တောင်သူများအတွက် ငွေကျပ်သိန်းပေါင်း ( ၇၀၀၀၀၀) ကျော်ကို ထုတ်ချေးပေးရန် လျာထားလျက်ရှိပြီး မေလမှ စတင်ထုတ်ချေးပေးလျက်ရှိရာ စက်တင်ဘာလအထိ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သဲကုန်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)