တောင်ငူမြို့နယ်မီးသတ်ဦးစီးဌာနမှဦးဆောင်၍ ငလျင်ဘေးအန္တရာယ်သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားကျင်းပ

တောင်ငူ ဇူလိုင် ၃၀

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် တောင်ငူမြို့နယ်မီးသတ်ဦးစီးဌာနမှဦးဆောင်၍ ငလျင်ဘေးအန္တရာယ်သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က တောင်ငူမြို့၊ အ.ထ.က(၆)၌ ဆောင်ရွက်သည်။

ရှေးဦးစွာ တောင်ငူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသိန်းဇော်က ကမ္ဘာကြီးပူနွေးလာမှုနှင့်အတူ ရာသီဥတုများ ဖောက်ပြန်ပြောင်းလဲလာမှုကြောင့် ကမ္ဘာတစ်ဝှမ်းမှာဆိုရင် သဘာဝဘေးအန္တရာယ်များကို နှစ်စဥ်ခံစားနေကြရပါတယ်။ မြန်မာနိုင်ငံမှာဆိုရင် မီးဘေး၊ ရေဘေး၊ လေဘေး၊ မုန်တိုင်းဘေးစသည့် သဘာဝဘေးအန္တရာယ်များအပါအဝင် ငလျင်ဘေးကိုလည်း ကြုံတွေ့ခံစားနေကြရပါတယ်။ ကျွန်တော်တို့ ပဲခူးတိုင်းဒေသကြီးအပါအဝင် ရန်ကုန်၊ ပဲခူး၊ နေပြည်တော်၊ ပျဥ်းမနားစတဲ့မြို့များသည် စစ်ကိုင်းပြတ်ရွေ့ကြောတစ်လျှောက် တည်ရှိနေတာဖြစ်သည့်အတွက် ယခုလိုငလျင်ဇာတ်တိုက်လေ့ကျင့်မှုများ ပြုလုပ်ထားရန် အထူးလိုအပ်ကြောင်း အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာနမှဦးဆောင်၍ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များဖြစ်သည့် မြို့နယ်သန္ဓေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၃၅)ဦး၊  ပရဟိတအသင်းအဖွဲ့များမှ အဖွဲ့ဝင်(၃၅)ဦး စုစုပေါင်း(၇၀)ဦးခန့်က ငလျင်ဘေးအန္တရာယ်ဖြစ်ပွားပြီးနောက် အဆောက်အဦအတွင်း ဒဏ်ရာရရှိသူများအား ကူညီကယ်ဆယ်မှုသရုပ်ပြခြင်းကိုဆောင်ရွက်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူ(၂၀၀)ဦးခန့်က ကြည့်ရှုအားပေးသည်။

ထို့နောက် တောင်ငူခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်စွာထွေးက သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်ပြီး အသိပညာပေးဟောပြောဆွေးနွေးကာ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)