စလင်း ဇူလိုင် ၃၀
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် အခြေခံပညာကျောင်းများတွင် မြစ်ရေဝင်ရောက်လျက်ရှိ၍ စာသင်ကျောင်း (၃၄)ကျောင်းအား ယာယီပိတ်ထားခဲ့ရာမှ အခြေခံပညာကျောင်း (၆)ကျောင်းအား ယနေ့နံနက်ပိုင်းတွင် ပြန်လည်ဖွင့်လှစ်နိုင်ခဲ့၍ ကျောင်းသား၊ ကျောင်းသူကလေးငယ်များ ဆက်လက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
စလင်းမြို့နယ်တွင် ဧရာဝတီမြစ်ကမ်းပါးနှင့်ထိစပ်သည့် ကျေးရွာများနှင့် မြေနိမ့်ပိုင်းကျေးရွာများမှ အခြေခံပညာကျောင်းပေါင်း (၃၄)ကျောင်းကို ယာယီပိတ်ထားခဲ့ရာ ယခုအခါ ဧရာဝတီမြစ်ရေပြန်လည်ကျဆင်းသွားသဖြင့် အခြေခံပညာကျောင်းများဖြစ်သည့် မူလွန်မဲရွာကျွန်း၊ အ.မ.က(မြောက်ကြူဝန်း၊ အ.မ.က မြောက်မှရိုးကုန်း၊ အ.မ.က စစ်ကုန်း၊ အ.မ.က စမ်းတွင်း၊ အ.မ.က နုံးအင်းကုန်းကျောင်းများအား ကျေးရွာအုပ်ချုပ်ရေးမှူးများ ဆရာ၊ ဆရာမများနှင့် ကျောင်းကော်မတီဝင်များ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားမိဘများ၊ ကျောင်းသား၊ ကျောင်းသူများက ဧရာဝတီမြစ်ရေကြီးမှုကြောင့် တင်ကျန်ရစ်သည့် ရွှံ့နွန်များ၊ အမှိုက်သရိုက်များအား ရေစုပ်စက်များဖြင့် ဆေးကြောရှင်းလင်းခြင်းများကို ဇူလိုင် ၂၇၊ ၂၈၊ ၂၉ ရက်နေ့များက ဆရာမိဘကျေးရွာလူထုပူးပေါင်း၍ ရှင်းလင်းခဲ့ပြီး ယနေ့တွင် ကျောင်းသင်ခန်းစာများကို ဆက်လက်ပညာသင်ကြားပေးလျက်ရှိပြီး ကျန်ရှိနေသေးသည့် အခြေခံပညာစာသင်ကျောင်းများ ဖွင့်လှစ်နိုင်ရန်အတွက် နုန်းနှင့် အမှိုက်သရိုက်များကို ရှင်းလင်းလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မောင်လွင်(စလင်း)