ပိုင်ကျုံ ဇူလိုင် ၃၀
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ဇူလိုင်လ ၂၄ ရက်နေ့မှ စတင်ကာ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျချောင်းရေ စီးဆင်းလာမှုကြောင့် ရေကြီးနစ်မြုပ်မှု ဖြစ်ပွားခဲ့သော မြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများကို မြို့အဆင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးကော်မတီအဖွဲ့ဝင်များမှ ဇူလိုင်လ ၂၈ ရက်နေ့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အဖွဲ့ဝင်များသည် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေစီးဆင်းမှုကြောင့် မြေနိမ့်ပိုင်းအတွင်းရှိ ရေကြီးနစ်မြုပ်မှုဖြစ်ပွားခဲ့သည့် အမှတ်(၂)၊ အမှတ်(၃)၊ အမှတ်(၄)၊ အမှတ်(၅)ရပ်ကွက်ရှိ ပြည်သူများ သောက်သုံးရေ ရရှိရေးအတွက် ရေကြီးနှစ်မြုပ်ခဲ့သည့် ရေတွင်း/ကန်များ၊ စိုက်ပျိုးလယ်မြေ ရေလွမ်းမိုးမှု အခြေအနေနှင့် စိုက်ပျိုးပြီးစပါး ထိခိုက်၊ ပျက်စီးမှုစာရင်းများ ကောက်ယူခြင်းနှင့် တောင်ကျရေ စီးဆင်းပြီး ရေတိုက်စားမှုတို့ကြောင့် အမှတ်(၂)ရက်ကွက်ရှိ ကျမ်းစာသင်ကျောင်းနှင့် အ-လ-က ကြက်တူရွေးကျောင်းတို့၏ အုတ်တံတိုင်း ပြိုကျပျက်စီးမှု အခြေအနေနှင့် ကြက်တူရွေးကျေးရွာ အုပ်စုအတွင်းရှိ ထီလုံ-တာပေါင်-ပတ-နဘူး-ကော့ကရိတ် (တံတားကျိုးလမ်း)လမ်းမကြီးပေါ်၌ တံတားအမှတ် (၃/၂၂)၊ အရှည်(၂၀)ပေ၊ အကျယ်(၃၀)ပေ၊ အမြင့်(၁၀)ပေနှင့် တံတားအမှတ် (၁/၂၂)၊ အရှည်(၁၀)ပေ၊အကျယ် (၃၀)ပေ၊ အမြင့်(၁၀)ရှိ သံကူကွန်ကရစ်တံတား(၂)စင်း၏ ပြိုကျပျက်စီးမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုတံတားပြိုကျပျက်စီးမှုကြောင့် ပြည်သူများ လမ်းပန်းဆက်သွယ်ရေးပြတ်တောက်မှုမရှိစေရေးအတွက် ရွာတွင်းလမ်းလွှဲမှ သွားလာနိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိပြီး ယာယီဘေလီသံဘောင်တံတား ဆောက်လုပ်ခြင်းလုပ်ငန်းကို ဇူလိုင်လ ၃၀ ရက်နေ့တွင် လမ်းအထူး(၂၂)အဖွဲ့မှ လုပ်ငန်းစတင် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)