စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၊ နန္ဒဝန်အိမ်ရာအတွင်း “မြတ်စေတနာအလင်းရောင်”စာကြည့်တိုက်ဖွင့်ပွဲ အခမ်းအနားတက်ရောက်

မုံရွာ ဇူလိုင် ၃၀

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ နန္ဒဝန်အိမ်ရာအတွင်းရှိ “မြတ်စေတနာအလင်းရောင်” စာကြည့်တိုက်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် အဆိုပါအိမ်ရာအတွင်း ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အိမ်ရာတွင် နေထိုင်ကြသော ဝန်ထမ်းများနှင့် မိသားစုဝင်များ တက်ရောက်ကြကြောင်း သိရသည်။

ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က စာကြည့်တိုက်တို့မည်သည် စာဖတ်သူများ စာအစုံလေ့လာဖတ်ရှုနိုင်သည့် နေရာဌာနတစ်ခုဖြစ်ပြီး စာအုပ်နှင့်ပြည်သူလူထုအား ဆက်သွယ် ပေးရာ၊ ပညာဗဟုသုတဖြန့်ဖြူးပေးရာ၊ ပညာဗဟုသုတရယူနိုင်ရာ၊ ပညာတတ်၊ ပညာရှင်များနှင့်  အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်သူများ မွေးဖွားပေးနိုင်ရာသာမက တစ်နည်းအားဖြင့် နိုင်ငံတော်ကောင်းကျိုးပြုမည့် သားကောင်း၊ သမီးရတနာများ ပေါ်ထွန်းလာစေခြင်းကြောင့် တိုင်းပြည်တိုးတက်ဖွံ့ဖြိုးရေးအား အထောက်အကူပေးနေခြင်း ဖြစ်ပါကြောင်း၊ စာဖတ်ခြင်းသည် လူငယ်တစ်ဦးချင်း ပြောင်းလဲတိုးတက်မှုနှင့် လူငယ်လူထုတစ်ရပ်လုံး၏အောင်မြင်မှုကိုဖြစ်စေပြီး ယင်းမှတစ်ဆင့် နိုင်ငံနှင့်ကမ္ဘာကြီးတစ်ခုလုံးအား အကျိုးပြုဖွံ့ဖြိုးစေသည့် အပြောင်းအလဲ များဖြစ်နိုင်ပါကြောင်း၊ မိမိတို့နေထိုင်ရာနိုင်ငံ၊ မိမိနှင့်ပတ်သက်ဆက်နွယ်ရာ လူ့ကမ္ဘာကြီးအား ပြောင်းလဲတိုးတက်လျှင် မိမိပတ်ဝန်းကျင်မှလူငယ်များ၊ သူငယ်ချင်းမိတ်ဆွေများကိုပါ စာဖတ်ခြင်း ဝါသနာဝိုင်းဝန်းဆွဲဆောင်ပျိုးထောင်ခြင်း၊ တတ်အားသရွေ့ကူညီလမ်းညွှန်ခြင်းအား ဆောင်ရွက်ပေးသွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။

မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်း ပြည်သူများဖွံ့ဖြိုးတိုးတက်မှု အသီးအပွင့်များရရှိရန် လူနေမှုအဆောက် အအုံကြီးထဲတွင် ပြည်သူများအေးချမ်းသာယာစွာ နေထိုင်နိုင်ရန်အတွက် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ဖွင့်လှစ်ပေးလိုက်သည့် “မြတ်စေတနာအလင်းရောင်” စာကြည့်တိုက်အား ထာဝစဉ်ရှင်သန်ဖွံ့ဖြိုးအောင် တာဝန်ရှိသူများမှ စဉ်ဆက်မပြတ်ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။ 

ယင်းနောက်တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ခင်စောလင်းက “မြတ်စေတနာအလင်းရောင်” စာကြည့်တိုက် ဖွင့်လှစ်ရခြင်းအားလည်းကောင်း၊ တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်လှိုင်မိုးမြတ်က နန္ဒဝန်မူလတန်းကြိုကျောင်း ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီးက “မြတ်စေတနာအလင်းရောင်” စာကြည့်တိုက်အတွက် သုတ/ရသ စာအုပ်များအားလည်းကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက စာကြည့်တိုက် ပရိဘောဂမှတ်တမ်းများအားလည်းကောင်း၊ တိုင်း ဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက တိုင်းဒေသကြီး အစိုးရအဖွဲ့မှထောက်ပံ့ ငွေအားလည်းကောင်း၊ တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးက ဌာနဆိုင်ရာများမှ ထောက်ပံ့ပေးအပ်သည့် ထောက်ပံ့ငွေအားလည်းကောင်း၊ တိုင်းဒေသကြီး ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးက ဌာနဆိုင်ရာများမှ လှူဒါန်းသည့် သုတ/ရသစာအုပ်(၆၁၆)အုပ်အားလည်းကောင်း စာကြည့်တိုက်ဥက္ကဋ္ဌနှင့် တာဝန်ရှိ သူများထံ အသီးသီးထောက်ပံ့ပေးအပ်ကြသည်။   

ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်၊ တိုင်းဒေသကြီး ပညာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသက်လေးဦး၊ တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ခင်စောလင်းနှင့် တိုင်းဒေသကြီး မြို့ပြနှင့်အိရာဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်လင်းတို့က “မြတ်စေတနာအလင်းရောင်”စာကြည့်တိုက်အား ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးကြကြောင်း သိရသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် “မြတ်စေတနာ အလင်းရောင်”စာကြည့်တိုက်အတွင်း ကျောင်းသား/သူများ စာပေဖတ်ရှုနေမှု၊ ပရိဘောဂပစ္စည်းများနှင့် သုတ/ရသစာအုပ်များ စနစ်တကျထားရှိမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)