လိပ်သို ဇူလိုင် ၃၀
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသနေပြည်သူများသည် ကော်ဖီ၊ ဖာလာ၊ တညင်း စသည့် နှစ်ရှည်သီးနှံများကို အဓိကထား စိုက်ပျိုးကြပြီး အခြား ဈေးကွက်ဝင်မည့် တောင်ယာသီးနှံမျိုးစုံလည်း စိုက်ပျိုးကြရာ ဒေသတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးထားသော နနွင်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိနေကြောင်း သိရသည်။
ဒေသခံများမှာ နနွင်းမျိုးများကို တစ်အိတ်လျှင် (၂၅၀၀ဝိ/-) ကျပ်ဖြင့် ဝယ်ယူပြီး မိုးဦးကျစကာလတွင် မီးရှို့ထားသော တောင်ယာခင်းများ ၊ မြစ်ချောင်းနံဘေးများနှင့် အိမ်ခြံဝင်းရှိ မြေလွတ်နေရာများတွင် စိုက်ပျိုးကြကြောင်း၊ နနွင်းအထွက်နှုန်းကောင်းမွန်စေရန်အတွက် တစ်နှစ်အတွင်းတွင် နှစ်ကြိမ်မှ သုံးကြိမ်အထိ ပေါင်းရှင်းပေးရန်လိုအပ်ကြောင်း ၊ ရှင်းပြီးသော ပေါင်းဆွေး၊ မြက်ဆွေးများကိုလည်း သဘာ၀မြေဩဇာအဖြစ် ပြန်လည်အသုံးပြုကြကြောင်း သိရသည်။
လိပ်သိုဒေသရှိ ကျေးရွာအများအပြားတွင် နနွင်းခင်းများကို စီးပွားဖြစ်စိုက်ပျိုးကြပြီး ယခုနှစ်တွင် မိုးကောင်းသောကြောင့် နနွင်းခင်းများ ပိုမိုဖြစ်ထွန်းအောင်မြင်လျက်ရှိကာ တူးဖော်ရောင်းချချိန်၌ ဈေးကောင်းရရှိရန်လည်း မျှော်လင့်လျက်ရှိကြောင်း ပုတ်သင်ကျေးရွာရှိ နနွင်းစိုက်ပျိုးလုပ်ကိုင်သူ တစ်ဦးထံမှ သိရသည်။
ခင်လေးနွယ် (လိပ်သို)