ပွင့်ဖြူ ဇူလိုင် ၃၀
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် တောင်သူအကျိုးဆောင်အသင်း(FFA)က ဒေသခံတောင်သူများ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်နှင့် အရည်အသွေးကောင်းမွန်သော သီးနှံများစိုက်ပျိုးထုတ်လုပ်နိုင်ရန် ရည်ရွယ်ကျင်းပသည့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး တောင်သူပညာပေးဟောပြောပွဲနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင် ရွေးချယ်ဖွဲ့စည်းခြင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီက ပွင့်ဖြူမြို့နယ် ပြည်လုံးကျော်ကျေးရွာဓမ္မာရုံ၌ ကျင်းပသည်။
ရှေးဦးစွာ ပွင့်ဖြူမြို့နယ်တောင်သူအကျိုးဆောင်အသင်း(FFA)ဥက္ကဋ္ဌ ဦးမြင့်အောင်က မြို့နယ်အတွင်း လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် တောင်သူများ သီးနှံဝင်ငွေတိုးပွားရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် စိုက်ပျိုးရေးဆိုင်ရာ တောင်သူအသိပညာပေးခြင်း၊ စိုက်ပျိုးရေးအတွက် လိုအပ်သော သွင်းအားစုပစ္စည်းများ တောင်သူများ အဆင်ပြေစွာဝယ်ယူရရှိရေး ကူညီပေးခြင်း၊ အတိုးနှုန်းသက်သာသော ချေးငွေများရရှိရေး ချိတ်ဆက်ဆောင်ရွက်ပေးခြင်း၊ မြေဆီလွှာနှင့် သဘာဝပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းရေး ပညာပေးခြင်း၊ စားသုံးသူ ဘေးကင်းလုံခြုံသော သီးနှံများစိုက်ပျိုးထုတ်လုပ်ရေး အသိပညာမျှဝေခြင်း၊ လိုအပ်ချက်အရ တောင်သူများကိုယ်တိုင် မျိုးစေ့ထုတ်လုပ်နိုင်ရေး ပံ့ပိုးကူညီဆောင်ရွက်ပေးခြင်း စသည့် တောင်သူအကျိုးဆောင်အသင်း၏ ရည်မှန်းချက်လုပ်ငန်းစဉ်(၇)ရပ်ကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ဆက်လက်၍ မြို့နယ်တောင်သူအကျိုးဆောင်အသင်း(FFA)ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပြည်လုံးကျော်ကျေးရွာ၌ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် တက်ရောက်လာသည့် ဒေသခံတောင်သူများ၏ အများသဘောဆန္ဒဖြင့် တောင်သူအကျိုးဆောင်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အလုပ်အမှုဆောင်အဖွဲ့ဝင်(၉)ဦးကို ရွေးချယ်ဖွဲ့စည်းပေးခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ဒေသခံတောင်သူများက စိုက်ပျိုးရေးလုပ်ငန်းတွင် တွေ့ကြုံရသည့် လုပ်ငန်းအခက်အခဲများ၊ မြေဆီလွှာဖွံ့ဖြိုးရေးနှင့် သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးသည်။ အဆိုပါ တောင်သူပညာပေး ဆွေးနွေးပွဲသို့ ပွင့်ဖြူမြို့နယ် ပြည်လုံးကျော်ကျေးရွာနှင့် အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံတောင်သူ(၇၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)