ဒေးဒရဲမြို့၌ ကျေးလက်ဖွံ့ဖြိုးရေး ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းခင်းကျင်းမှုအား ကွင်းဆင်းစစ်ဆေး

ဒေးဒရဲ ဇူလိုင် ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဒေသထွက်ကုန်များ ကုန်စည်စီးဆင်းမှု ပိုမိုကောင်းမွန်စေရေးရည်ရွယ်၍ တာဝန်ယူဆောင်ရွက်ပေးလျက်ရှိသည့် ပဆင- တညင်ကုန်း- သဲကုန်း- ကုန်းတန်းကလေး ကျေးရွာချင်းဆက်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်​နေမှုအား ယမန်နေ့က ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန (ရုံးချုပ်)မှ အင်ဂျင်နီယာချုပ် ​(မြို့ပြ) ဦးကျော်ကျော်ထွေး၊ တံတားတည်ဆောက်ရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူး (မြို့ပြ) ဦးအောင်ဇော်မင်း၊ ဖျာပုံခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဒေါ်လင်းနှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါကျေးရွာချင်းဆက်လမ်းကို (၂၀၂၄-၂၀၂၅) ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်လျက်ရှိသည့် အရှည် (၀/၂.၇၅)မိုင်၊ အကျယ် (၁၂) ပေ၊ ထု (၇) လက်မရှိ ကျေးရွာဆင်းဆက်လမ်း ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး သတ်မှတ်အရည်အသွေးနှင့် အချိန်မီပြီးစီးရေး ကြိုးပမ်းဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

အဆိုပါကျေးရွာချင်းဆက် ကွန်ကရစ်လမ်းပြီးစီးပါက တညင်ကုန်း၊ သဲကုန်း၊ ကုန်းတန်းကလေး ကျေးရွာအုပ်စုများရှိ ပြည်သူများအနေဖြင့် ရာသီမရွေးသွားလာနိုင်ပြီး ဒေသထွက်ကုန်များအား ကုန်လမ်းခရီးသယ်ယူပို့ဆောင်နိုင်မည်ဖြစ်ပြီး ကျေးရွာပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။

အေဇာလင်း