ရေကြည် ဇူလိုင် ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ ကွင်းသုံးဆင့်ကျေးရွာအုပ်စု၊ သပြေကွင်းကျေးရွာရှိ မိုဃ်းကောင်းစေတီတော်ဓမ္မာရုံ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ဧရာဝတီတိုင်းဒေသကြီး၊ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးဉာဏ်လင်းအောင်က ၂၀၂၅ ခုနှစ်အတွက် ဧရာဝတီတိုင်းဒေသကြီးအတွင်း ပတ်၀န်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သောကျေးရွာ(စံပြကျေးရွာ) ဆုဝင်ရောက်ယှဥ်ပြိုင်ထားသည့် ကျေးရွာများအနက် ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ သပြေကွင်းကျေးရွာရှိ ရွာသူရွာသားများအား မိမိတို့ကျေးရွာအား စံပြကျေးရွာဖြစ်စေရေးအတွက် စံပြကျေးရွာတွင်ရှိရမည့် သတ်မှတ်စံချိန်စံညွှန်းများအကြောင်း သိမှတ်ဖွယ်ရာများနှင့် ကျေးရွာသန့်ရှင်းသာယာလှပစေရေးအတွက် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုအကြောင်း သိကောင်းစရာများ ခေါင်းစဥ်ဖြင့် အသိပညာပေးဟောပြောဆောင်ရွက်ခဲ့သည်။
ထိုအသိပညာပေးဟောပြောတွင် မြို့နယ်ဌာနဆိုင်ရာများ၊ ရွာ၊ သူရွာသားများ စုစုပေါင်း (၁၂၀) ဦးတက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား မုန့်များပေးဝေခြင်း အမှိုက်ပုံးများလှူဒါန်းခြင်းနှင့် ပလတ်စတစ်ညစ်ညမ်းမှုအကြောင်း သိကောင်းစရာများအသိပညာပေး လက်ကမ်းစာစောင် (၁၀၀) အားဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မေသန့်ဇင် (ပြန်/ဆက်)