မြဝတီမြို့ရှိ ရေဘေးကယ်ဆယ်ရေးစခန်းများမှ ပြည်သူများအတွက် အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်

မြဝတီ ဇူလိုင် ၂

ကရင်ပြည်နယ်၊ မြဝတီမြို့၌ မိုးအဆက်မ​​ပြတ် ရွာသွန်းခဲ့၍ သောင်ရင်းမြစ်ရေသည် ဇူလိုင် ၂၅ ရက်နေ့တွင် စိုးရိမ်ရေအမှတ် ၉၆၃ စင်တီမီတာသို့ ကျော်လွန်ရောက်ရှိခဲ့ရာ  ရေဘေးသင့် ပြည်သူများအား ယာယီရေဘေးရှောင်စခန်း ၁၁ ခုသို့ ပြောင်းရွှေ့နေရာချထားပြီးနောက် ပြည်သူများ စားသောက်ရေး အဆင်ပြေစေရန်အတွက် ဆန်၊ဆီ အစရှိသည့် အခြေခံစားသောက်ကုန်များကို ဇူလိုင် ၂၇ ရက်နေ့မှစ၍ ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့မှ စခန်းအလိုက် လိုက်လံထောက်ပံ့ပေးကြောင်း သိရသည်။

အဆိုပါ ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးအပ်ရာတွင် ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်း ဦးဆောင်၍ ခရိုင်ရဲတပ်ဖွဲမှူး ဒုတိယရဲမှူးကြီး မိုးကျော်ဟိန်း၊  ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ  စီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဉာဏ်မြင့်၊  မြဝတီမြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်နှင့် စခန်းအလိုက်တာဝန်ခံများက ဇူလိုင် ၂၇ တွင် စခန်း ၁၁ ခုရှိ လူဦးရေ  ၄၉၈၅ ဦးတွက်   အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန် ၇၃၀၅ ပြည်နှင့် ဆီ ၆၁၄  ပိဿာကိုလည်းကောင်း၊  ဇူလိုင် ၂၈ တွင် စခန်းခုနှစ်ခုရှိ လူဦးရေ ၁၂၇၈ ဦးအတွက် ငါးသတ္တာ ၁၁၀၀ ဘူး၊ ဟင်းခတ်မှုန့် ၂၀ ထုပ်နှင့် ရေသန့် ၇၄၀ ဘူးအားလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ပြီး  အလားတူ   ဒေသခံပြည်သူများကလည်း စခန်းအလိုက် အခြေခံစားသောက်ကုန်များ လာရောက်လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။

ဇာဖြူဝင်း(မြဝတီ)