ဘားအံ ဇူလိုင် ၂၉
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် မိုးသည်းထန်စွာ ရွာသွန်း၍ သံလွင်မြစ်ရေသည် စိုးရိမ်ရေအမှတ် ၇၅၀ စင်တီမီတာထက် ၉၄၁ စင်တီမီတာသို့ ကျော်လွန်ပြီး မြစ်ရေလျှံတက်မှု ဖြစ်ပွား၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နေအိမ်များ ရေနစ်မြုပ်မှု ဖြစ်ပွားလျက်ရှိရာ ပြည်သူ(၈၀၀၀)ကျော်အား ယာယီရေးဘေးကယ်ဆယ်ရေးစခန်း(၂၀)၌ ပြောင်းရွှေ့နေရာချထားကြောင်း သိရသည်။
အဆိုပါ ရေဘေးသင့်ကယ်ဆယ်ရေးစခန်းများမှ ပြည်သူများစားသောက်ရေး အဆင်ပြေစေရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်အမျိုးသမီးရေးရာအဖွဲ့၊ ကရင်ပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုအသင်း၊ စေတနာရှင်၊ အလှူရှင်များက ဆန်၊ ဆီ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်၊ ထမင်း၊ ဟင်း၊ လူသုံးကုန်ပစ္စည်းများ၊ သောက်ရေသန့်များကို ထောက်ပံ့ပေးလျက်ရှိပြီး ရေဘေးကယ်ဆယ်ရေး စခန်းများသို့ မလာရောက်ဘဲ မိမိနေအိမ်တွင် နေထိုင်သည့် ရေဘေးသင့်ပြည်သူများထံသို့ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ စေတနာရှင်ပြည်သူများက အိမ်တိုင်ရာရောက် ထမင်း၊ ဟင်းနှင့်ရေသန့်ဘူးများကို သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရှိရသည်။
ဘားအံမြို့နယ်အတွင်း ဇူလိုင်လ(၂၉)ရက်နေ့အထိ ယာယီရေဘေးကယ်ဆယ်ရေးစခန်း (၂၀) ခု ဖွင့်လှစ်ထားရှိပြီး အိမ်ထောင်စု (၁၈၉၈)စု၊ ကျား(၄၁၃၀)ဦး၊ မ(၄၄၈၆)ဦး စုစုပေါင်းလူဦးရေ(၈၆၁၆)ဦး
ယာယီရေဘေး ကယ်ဆယ် ရေးစခန်းများတွင် ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း ဘားအံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ကွပ်ကဲရေးမှူးရုံးမှ သိရှိရသည်။
ခရိုင်(ပြန်/ဆက်)