ကျုံပျော်တွင် ဒါးကချောင်းရေ ဝင်ရောက်မှုနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူနေအိမ်အချို့ ရေဝင်နစ်မြုပ်

ကျုံပျော် ဇူလိုင် ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်အတွင်း ဒါးကချောင်းရေ ဝင်ရောက်မှုနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်သူများ၏ မိုးစပါးစိုက်ဧက ၁၀၀၀၀ ကျော်နှင့် လူနေအိမ်အချို့ ရေဝင်နစ်မြုပ်လျက်ရှိကြောင်း သိရသည်။

ယခုရက်များအတွင်း နေ့စဉ်မိုးများ အဆက်မပြတ်ရွာသွန်းပြီး ဒါးကချောင်းရေဝင်‌ရောက်မှု များလာသောကြောင့် ဇူလိုင်လ ၂၈ ရက်နေ့အထိ မိုးစပါးစိုက်ဧက ၁၀၃၀၇ ဧက၊ ပီလောပီနံစိုက်ခင်း ၁၅ ဧကနှင့် ငှက်ပျောစိုက်ခင်း ၂ ဧကတို့ ရေဝင်နစ်မြုပ်လျှက် ရှိကြောင်း၊ စပါးစိုက်ခင်း ရေနစ်မြုပ်မှု အများစုမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ဒါးကချောင်း‌ရေ မြင့်တက်လာမှုကြောင့် ချောင်းနံဘေး ရပ်ကွက်နှင့် ကျေးရွာနေအိမ်များတွင်လည်း ရေများဝင်ရောက်လျက်ရှိပြီး ပင်လုံရပ်ကွက်မှ သောင်တန်းလမ်းမှ နေအိမ် ၂၁ လုံး၊ အင်းရဲကျွန်းအုပ်စု ကျွန်းအင်းရွာမှ နေအိမ် ၁၆ လုံးနှင့် စာဖြူစုကျေးရွာမှ နေအိမ် ၂၈ လုံး တို့တွင် နေထိုင်ကြသော ပြည်သူများ အနေဖြင့် နေအိမ်အတွင်း ရေများ ဝင်ရောက်လျှက်ရှိသောကြောင့် မြတ်ချမ်းသာဘုရားဓမ္မာရုံနှင့် ရေဘေးလွတ်ရာ နေရာများတွင် သွားရောက်နေထိုင်လျက်ရှိကြကြောင်း၊ အဆိုပါ ရေဘေးရှောင် အိမ်ထောင်စုများအား ကျုံပျော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးနှင့် မြို့နယ်ရေဘေးကူညီရေးအဖွဲ့ တာဝန်ရှိသူများက သွားရောက်တွေ့ဆုံ၍ အားပေးစကား ပြောကြားပြီး၊ ဆန်၊ ဆီ၊ ဆား၊ ခေါက်ဆွဲခြောက်နှင့် ရေသန့်ဗူးများ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)